DVB Logo
Home
မြန်မာသတင်း
ဇာတ်ပွဲများတွင် ပေါ်တာဆွဲပေးမည်ဟု ပေါက်ကိုယ်တော်ခြိမ်းခြောက်နေသဖြင့် ပြည်သူများကို သတိပေး
DVB
·
June 12, 2026
Photo : DVB
Photo : DVB
Donate to DVB

ဇာတ်ပွဲတွေမှာ ဖျော်ဖြေကပြနေတဲ့ ဇာတ်မင်းသားတွေနဲ့ ဇာတ်သဘင်ကြည့်ပရိသတ်တွေကို ပေါ်တာဆွဲ ခွင့်ပြုပေးရင် စစ်မှုထမ်းဖို့ ပေါ်တာဆွဲပေးမယ်လို့ ပျူခေါင်းဆောင် ပေါက်ကိုယ်တော် ပြောတဲ့အပေါ် သတိထားဖို့လိုကြောင်း တော်လှန်ပြည်သူတွေက သတိပေး နေကြပါတယ်။ 

ပြီးခဲ့တဲ့ မေလဒုတိယပတ်ထဲမှာ စစ်တပ်ထောက်တိုင် ပျူစောထီးတွေရဲ့ ခေါင်းဆောင် ပေါက်ကိုယ်တော်က လက်ရှိပြည်တွင်းက ဇာတ်ပွဲတွေမှာ ဖျော်ဖြေကပြနေတဲ့ နာမည်ကြီး ဇာတ်မင်းသားတွေနဲ့ ပွဲလာကြည့်ကြတဲ့ ပရိသတ်တွေကို တရားဝင် ပေါ်တာဆွဲခွင့်ပြုပေးရင် စစ်မှုထမ်းဖို့ ကိုယ်တိုင် ပေါ်တာဆွဲပေးမယ်လို့ သူရဲ့ကိုယ်ပိုင် တစ်တော့ အကောင့်ကနေ ပြောဆို ခဲ့တာပါ။

အခုလို ခြိမ်းခြောက်ပြောဆိုချက်က တရားဝင် မဟုတ်ပေမဲ့ ပြည်သူတွေအနေနဲ့ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ရှားပြီး သတိနဲ့သွားလာကြဖို့ တော်လှန်ရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။

တော်လှန်ရေး တက်ကြွလှုပ်ရှားသူတယောက်က “ပေါက်ကိုယ်တော်က စမ်းရေမိုးတို့၊ အောင်ဇဗ္ဗူတို့ ဇတ်မင်းသားတွေနဲ့ ဇာတ်ပွဲကြည့်တဲ့လူတွေကို ဖမ်းမယ်၊ ဆီးမယ် လိုအပ်ရင် ပေါ်တာဆွဲမယ် ဆိုပြီးတော့ ခြိမ်းခြောက်တယ်ပေါ့လေ။ အမှန်အတိုင်းပြောရင် ပေါက်ကိုယ်တော်က ကျနော်တို့ အရင်ကတည်းကလည်း မကြည်ညို မလေးစားတဲ့ အထဲမှာပါတော့ အခုလည်း ဒီစစ်တပ်  အလိုကျ ပြောနေတယ်လို့ပဲ ထင်ပါတယ်။ ဇာတ်သဘင်တွေကိုတော့ အခုလိုကာလမှာ တမင်လုပ်ထားတယ် လို့ ထင်တယ်။ ပြည်သူတွေ ဒီဇာတ်မင်းသားတွေကို လှူကြ လှုပြကြတာတွေကိုမြင်တော့ တော်လှန်ရေး ရဲဘော်တွေနဲ့၊ တော်လှန်ရေး ပတ်သက်တာတွေနဲ့ ပြည်သူတွေနဲ့ သွေးခွဲအောင် တမင်လုပ်ထားတယ်။ အဲ့ဒီအတွက် ဒီအပေါ်မှာလည်း ပြည်သူတွေအနေနဲ့ ထောင်ချောက်ကို သေချာသိဖို့လိုတယ်။ ပေါက်ကိုယ်တော် လျှောက်ပြောတယ်ဆိုပေမဲ့ အခုအချိန်မှာဆိုတော့ သတိထားစေချင်တာပေါ့ဗျာ။ နိုင်ငံရေး မကောင်းတဲ့ကြားထဲမှာ ဒီလိုပွဲတွေ သွားနေတာကို ကျနော်တို့ကတော့ အားမပေးခဲ့တဲ့ လူတွေဆိုတော့ ဒီအချိန်မှာတော့ ပြည်သူတွေအနေနဲ့ သိသင့်ပြ‌ေလို့တော့ ထင်တယ်။ သတိထားသင့်တယ်လို့ ထင်တယ် အသွားအလာ” လို့ ပြောပါတယ်။

အခုလို စစ်အာဏာရှင်တွေ ကြီးစိုးနေတဲ့ ကာလမျိုးမှာ တိုင်းပြည်အေးချမ်းသာယာနေပါတယ် ဆိုတာမျိုး ပြသဖို့အတွက် ပုံဖော်ထားတဲ့ စစ်အာဏာရှင်တွေရဲ့ အစီအစဉ်ဖြစ်ကြောင်းနဲ့ ခေတ်အဆက်ဆက်မှာ ဇာတ်သဘင် အနုပညာရှင်တွေဟာ နိုင်ငံရေး အသုံးချခံဖြစ်ခဲ့ရကြောင်း ယဉ်ကျေးမှုဦးစီးဌာနက ဦးစီးအရာရှိ CDM မင်းသမီး စန်းနီလာဝင်းကလည်း ပြောပါတယ်၊

“အစ်မတို့သဘင်ဘက်က အနုပညာရှင်တွေက ကျတော့လေ အသုံးချခံရတဲ့ထဲမှာလည်းပါတယ်၊ ပြီးတော့ သဘင်ပညာရှင်တွေဆိုတာ အရမ်းကြောက်တတ်တယ်။ မြန်မာ့ဇာတ်သဘင်လောက အနုပညာတွေကို တီထွင် ဖန်တီးတယ်တို့ ဘာတို့ စကားကြီးစကားကျယ် ပြောကြတာ ရှိတယ်ပေါ့နော်။ ခုခါကျတော့ အနုပညာ ရိုးရာ အမွေအနှစ်ကို တိုင်းပြည်ပျက်တဲ့အချိန်မှာ  ဖော်ထုတ်ရမယ့် အချိန်ခါလည်း မဟုတ်ဘူးဆိုတော့၊ ပြည်သူတွေက အကုန်လုံးကို အသက်၊ အိုးအိမ်၊ စည်းစိမ်တွေပါ ပျက်စီးနေတဲ့ အချိန်ခါမှာ သူတို့က တဖက်မှာက မြန်မာနိုင်ငံတခြမ်း တော်တော်များများက စုတ်ပြတ်သတ်နေပြီးတော့ အနည်းစုလေးက တိုင်းပြည်သာယာ နေတယ်ဆိုတဲ့ ပုံစံမျိုးကို အသုံးချတဲ့ ပုံရိပ်တွေကို မြင်ရတယ်။ ဖောဖောသီသီ ပေါ်လာတယ်ဆိုတဲ့ စကားအရ ပြောရမယ် ဆိုရင်တော့ အနောက်မှာ လက်မည်းကြီးတွေ အများကြီးရှိတယ်။ ဒါတွေလုပ် ဒါတွေလုပ်နဲ့ နောက်ကွယ်က ပံ့ပိုးမှုတွေ အများကြီးရှိတယ်ဆိုတာ မြင်ရတယ်။”

ပေါက်ကိုယ်တော်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထား ထုတ်ပြန်လာ တာမျိုး မရှိသေးဘဲ လူမှုကွန်ရက်တွေမှာတော့ ဝေဖန်သုံးသပ်ချက်တွေ ဆက်တိုက် ထွက်ပေါ် နေပါတယ်။ 

ပြည်သူတွေအနေနဲ့လည်း လူစည်ကားရာနေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို သွားလာရာမှာ သတိထားကြဖို့ အပြန်အလှန် တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013