DVB Logo
Home
မြန်မာသတင်း
မကွေးမြို့က Facility Quarantine ခံထားရသူများ နေရပ်ပြန်
DVB
·
April 8, 2020
မကွေးမြို့က Facility Quarantine ခံထားရသူများ နေရပ်ပြန်
Donate to DVB

COVID-19 ရောဂါကာကွယ်ဖို့ ပြည်ပနိုင်ငံတွေကပြန်လာသူတွေကို မကွေးမြို့မှာ အသွားလာကန့်သတ် Facility Quarantine ပြုလုပ်ထားရာမှာ ၁၄ ရက်ပြည့်သွားပြီဖြစ်လို့  ဒီနေ့မနက်ပိုင်းက မြို့နယ်တွေ အစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေးနေပါတယ်။

မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးစောနိုင် က "Facility Quarantine ပြုလုပ်တဲ့နေရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က တဦးကို တရက်စာ ၃၅၀၀ ကျပ်နှုန်းနဲ့ ကျွေးမွေးပြီး ပရဟိတ အဖွဲ့တွေကလည်း လိုအပ်ချက်တွေဖြည့်ဆည်းပေးတဲ့အပြင် ဖျော်ဖြေရေးအစီအစဉ်တွေပါ ပြုလုပ်ပေးခဲ့ပါတယ်။ ကွန်ပျူတာတက္ကသိုလ်က ၇၀ ဦးနဲ့ မကွေးပညာရေးကောလိပ်က ၂၀ ဦး စုစုပေါင်း  ၉၀ ဦးကို သက်ဆိုင်ရာမြို့နယ်အလိုက် ပို့ဆောင်ပေးတာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။

ပြည်ပက ပြန်လာသူတွေကလည်း COVID-19 ရောဂါ ကုသရေးနဲ့ ကြိုတင်ကာကွယ်ရေး အထောက်ကူ ပြုအဖွဲ့ကို ငွေကျပ် ၃၀၀၀၀၀ ထည့်ဝင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မကွေးမြို့ ကွန်ပျူတာတက္ကသိုလ် သူနာပြုဆရာမ မငုဝါလှိုင်က "ပြည်ပက ပြည်ဝင်လာသူ တွေကို နေ့စဉ် ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပေးရပြီး ပူပြင်းတဲ့ရာသီဖြစ်တဲ့အတွက် ရေချိုးချိန်မှန်အောင်လည်း သတိပေးရပါတယ်။ စောင့်ကြည့် သံသယလူနာနှစ်ဦးကို ဆေးရုံသို့ လွှဲပြောင်းပေးတဲ့ အချိန်မှာလည်း လူနာနဲ့ပတ်သက်ပြီး ကူညီချင်တဲ့ စိတ်တခုတည်းနဲ့ လုပ်ဆောင် ပေးခဲ့ပါတယ်။ စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်ပြီဆိုတော့ စာသင်နေတဲ့ ကျောင်းသားတွေ ဆယ်တန်းအောင်သလိုမျိုး ဝမ်းသာပီတိဖြစ်ရပါတယ်"လို့ ဆိုပါတယ်။

မကွေးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် က "Facility Quarantine လုပ်ငန်း စစချင်းမှာတော့ လိုအပ်ချက်အနည်းငယ်ရှိပြီး နားလည်မှု လွဲတာတွေရှိခဲ့ပါတယ်။ စောင့်ကြည့်ကာလ ၇ ရက်လောက်မှာပဲ ပူးပေါင်းအဖွဲ့တွေရဲ့ စေတနာကို နားလည်လာပြီး ငွေကြေး ထည့်ဝင်လှူဒါန်းဖို့ ကမ်းလှမ်းလာပါတယ်"လို့ပြောပါတယ်။

ပြည်ပက ပြန်လာသူတွေအနေနဲ့ အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ၁၄ ရက်စောင့်ကြည့်ခံပြီးမှ မိမိနေရပ်ကို ပြန်ကြဖို့ Quarantine လုပ်ခံခဲ့ရသူတွေက တိုက်တွန်းလိုက်ပါတယ်။

ရေစကြိုမြို့နယ်က ကိုခိုင်ဇာအောင် က "ပြည်ပကနေ ပြန်ဝင်လာတဲ့အချိန် ရောဂါပိုး ပါမှန်းမသိ၊ မပါမှန်းမသိလို့ ကျန်းမာရေး စစ်ဆေးမှုခံယူပြီး ၁၄ ရက်နေရတာ ပိုကောင်း ပါတယ်။ နောက်ထပ်ပြည်ပက ပြန်လာသူတွေအနေနဲ့ လည်း အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ၁၄ ရက်စောင့်ကြည့်ခံပြီးမှ မိမိနေရပ်ကို ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်။ စောင့်ကြည့်ရေးစခန်းတွေမှာ လိုလေသေးမရှိအောင်ကူညီ စောင့်ရှောက်ပေးတဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေကို အထူးကျေးဇူးတင်ပါတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြည်ပကပြန်ဝင်လာသူတွေ နေထိုင်ခဲ့တဲ့ နေရာတွေကို ကလိုရင်း ပိုးသတ်ဆေးတွေ ဖျန်းပေးခဲ့ပါတယ်။

မကွေးတိုင်းကို ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူ အများဆုံးဖြစ်ပြီး အယောက် ၁၂၀၀၀ ကျော်ရှိကာ မြန်မာတစ်နိုင်ငံလုံးမှာ အများဆုံး ပြန်လည်ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013