
COVID-19 တိုက်ဖျက်ရေး ကူညီမယ့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ဒီနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ထွက်ခွာလာပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ချမ်းရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ထွက်ခွာလာခဲ့တာပါ။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မထွက်ခွာမီ ပို့ဆောင်တဲ့ အခမ်းအနား ကျင်းပရာမှာ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် အတွင်းရေးမှူး တို့နဲ့အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်တို့တက်ရောက်ပြီး တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို လေဆိပ်မှာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဓာတ်ပုံ-MOFA










