DVB Logo
Home
မြန်မာသတင်း
စောင့်ကြည့်ခံနေရသူများကို ၁၄ ရက်ပြည့်ပြီးနောက် ကျန်းမာရေးထောက်ခံချက်ဖြင့် အိမ်ပြန်ခွင့်ပြု
DVB
·
April 6, 2020
စောင့်ကြည့်ခံနေရသူများကို ၁၄ ရက်ပြည့်ပြီးနောက် ကျန်းမာရေးထောက်ခံချက်ဖြင့် အိမ်ပြန်ခွင့်ပြု
Donate to DVB

ကယားပြည်နယ်အတွင်း  ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေကို အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုတဲ့ (Facility Quarantine) စင်တာတွေကနေ သတ်မှတ်ထားတဲ့ ကာလ ၁၄ ရက်ပြည့်သွားသူ တွေကို ကျန်းမာရေး ထောက်ခံချက်နဲ့  နေအိမ်ပြန် ခွင့် ပေးနေပါတယ်။

ဒီလိုထောက်ခံချက်တွေအနေနဲ့အတူ ပြန်လွှတ်ရတာဟာ သူတို့ရွာပြန်ဝင်ချိန်မှာ အခက်အ ခဲမရှိအောင် အခုလို လုပ်ဆောင်ပေးတာဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းက ပြောပါတယ်။

ကျနော်တို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကျနော်ကိုယ်တိုင် လက်မှတ်ထိုးတယ်။ တဖက်ကနေပြီးတော့ ထောက်ခံချက်မှာ သက်သေအနေနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ နောက် Quarantine  စိုက်နေရာပေါ့။ မည်သည့်နေရာမှာပါလဲ၊ ပြီးတော့ ဘယ်ရက်ကနေ ဘယ်ရက် ၁၄ ရက်ကာလပါတယ်။ နေရပ်လိပ်စာ အတိအကျပါတယ်။ သက်သေခံလက်မှတ်နဲ့ ရပ်ကွက်ကျေးရွာကို ပြန်လွှတ်ပါတယ်။ အဲဒါမှသာလျှင် ရပ်ကွက်ကျေးရွာ ရောက်ရင် ရပ်ကွက်ကျေးရွာတွေက သူသည် မြန်မာနိုင်ငံ ပြန်ရောက်တဲ့အချိန်ကနေ ၁၄ ရက်တိတိ နေခဲ့ပြီးပြီဆိုတဲ့ အတွက်ကြောင့် သူ့ကို စိတ်ချလက်ချနဲ့ လက်ခံမယ်ပေါ့။ သို့မဟုတ်ဆိုရင်တော့ ရပ်ကွက်ကျေးရွာတွေက အခု ရွာထဲကို အဝင်မခံတာတို့၊ ဘာတို့ရှိတယ်။ အဲဒါကြောင့် သက်သေခံလက်မှတ်နဲ့ဆိုရင် ရပ်ရွာကလည်း စိတ်ချရတာပေါ့။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်၊ အား/ကာသိပ္ပံကျောင်းနဲ့ သူနာပြုသားဖွား သင်တန်းကျောင်းတွေမှာ ထားရှိပြီး ၁၄ ရက် စောင့်ကြည့်ပေးနေတာပါ။

စင်တာကို ရောက်ရှိသူတွေဟာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီးချိန်စကပြီး ၁၄ ရက်အတွင်း စောင့်ကြည့် ထားတာဖြစ်ပြီး ရက်ပြည့်ပါက ကျန်းမာရေး ထောက်ခံစာတွေနဲ့အတူ အိမ်ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် စောင့်ကြည့်စင်တာကနေ ပြန်သွားတဲ့သူတွေအနေနဲ့ လူစုလူဝေးရှောင်ဖို့၊ မလွှဲမရှောင်သွားရရင် နှာခေါင်းစည်းတပ်ဖို့နဲ့ စနစ်တကျ လက်ဆေးဖို့ အပါအဝင် ကျန်းမာရေး အသိပေးတာတွေကိုလည်း ပြုလုပ်ပေးခဲ့တယ်လို့ ဒေါက်တာထွန်းနေဝင်းက ပြောပါတယ်။  

သူနာပြုသားဖွား သင်တန်းကျောင်းကနေ ၁၄ ရက်စောင့်ကြည့်ခံပြီး ဒီကနေ့ အိမ်ပြန်ခွင့်ရသူတဦးတော့ (Facility Quarantine) မှာ အားလုံးအဆင်ပြေကြောင်းနဲ့ ထောက်ခံချက်နဲ့အတူ ပြန်ရတဲ့တွက် ဝမ်းသာကြောင်း ပြောပါတယ်။

  ဒီမှာလာနေတာ အဆင်ပြေတယ်။ အကုန်လုံး လုပ်ပေးတယ်။ ဆရာမတွေလည်း သဘောကောင်းတယ်။ အပူတိုင်းတယ်၊ ဆေးလည်းဖျန်းပေးတယ်။ အခုလို ထွက်လာတော့ ဝမ်းသာတာပေါ့။ အိမ်နီးနားချင်းက လူတွေလည်း သံသယမရှိတော့တဲ့အတွက် အေးအေးဆေးဆေး သွားလာလို့ရပြီပေါ့။ 

ကယားပြည်နယ်မှာ ပြည်ပကနေ ပြန်လာသူတွေအနေနဲ့ Home  Quarantine လုပ်ဖို့ ထုတ်ပြန်ထားပေမယ့် လိုက်နာဆောင်ရွက်မှု အားနည်းနေတာကြောင့် မတ်လ ၁၃ ရက်နေ့ကစပြီး ပြန်ဝင်လာသူအားလုံးကို  Facility Quarantine စင်တာတွေဖွင့်ပြီး စောင့်ကြည့်ထားရပါတယ်။

တပြည်နယ်လုံးမှာ   ဧပြီ ၅ ရက်အထိ Facility Quarantine ပြုလုပ်ထားတဲ့နေရာ ၂၀ လောက်မှာ လူဦးရေ ၅၀၀ ကျော်ရှိပြီး အိမ်တွေမှာလူ ၆၀ လောက်ရှိနေသေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ဒီကနေ့မှာ ရှင်းလင်းပြောပါတယ်။

ဒါ့အပြင် ကယားပြည်နယ်အတွင်းမှာ နှာစေး၊ ချောင်းဆိုး၊ ရင်ကျပ်၊ ကိုယ်ပူနဲ့ သံသလူနာ ၃၃ ဦးကို ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးရာမှာ  တယောက်မှာ ပိုးမတွေ့ရကြောင်း အဖြေပြန်လည်ရရှိတယ်လို့လည်း ဒေါက်တာဌေးလွင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013