
မကွေးမြို့ Facility Quarantine ပြုလုပ်တဲ့ ပညာရေးကောလိပ်မှာ ဧပြီလ ၄ ရက်နေ့ညက နိုင်ငံကျော်အဆိုတော် ပန်ဆုပြည့်ကျော်နဲ့ မကွေးမြို့ခံ အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေပေးခဲ့ကြတာပါ။
မကွေးမြို့ Facility Quarantine ပြုလုပ်တဲ့ နေရာ ၃ ခုမှာ မကွေးမြို့ခံ ဂီတအနုပညာသမားတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ နိုင်ငံကျော် တေးသံရှင် ပန်ဆုပြည့်ကျော် ပူးပေါင်းပါဝင်လာတာ ဖြစ်တယ်။
အဆိုတော် ပန်ဆုပြည့်ကျော်က “ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာသမားတွေဟာ ပြည်သူတွေကို မှီခိုနေရတာဖြစ်သလို ပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာမှ အဆင်ပြေကြမှာ ဖြစ်တယ်။ တခြားမြို့တွေမှာ ပရဟိတဖျော်ဖြေရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် ဇာတိမြေဖြစ်တဲ့ မကွေးမြို့မှာ ပထမဦးဆုံးအကြိမ် ဖျော်ဖြေခွင့်ရတာပါ။” လို့ ပြောပါတယ်။
မကွေး ပရဟိတအဖွဲ့ ဦးဆောင်သူ ကိုမိုးက “ပြည်ပကနေ ပြန်လည်ဝင်ရောက်လာပြီး မိဘ ဆွေမျိုးသားချင်းတွေနဲ့ ချက်ချင်းမတွေ့ရဘဲ ၁၄ ရက် Camp သဘောမျိုး နေနေရတာဖြစ်လို့ စိတ်အားငယ်တာတွေ ရှိနိုင်ပါတယ်။ အခုလိုမျိုး ဖျော်ဖြေရေး အစီအစဥ်လေးနဲ့ ဖျော်ဖြေပေးတော့ တဖက်တလမ်းကနေ စိတ်သက်သာမှုတခုရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးတာပါ။ ဖျော်ဖြေတဲ့နေရာမှာလည်း လူစုလူဝေး မဖြစ်ရအောင် အနုပညာရှင် ၅ ဦးလောက်ပဲ ခေါ်ယူပြီး မိမိအခန်းရှေ့ကသာ အားပေးနိုင်အောင် စီစဥ်ထားတယ်” လို့ ပြောပါတယ်။
မကွေးမြို့မှာတော့ ပြည်ပက ပြန်ဝင်လာသူတွေအတွက် ကွန်ပျူတာတက္ကသိုလ်၊ ကျန်းမာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်တို့မှာ နေရာချထားကာ လူဦးရေ ၂၉၇ ဦးကို Facility Quanrantine ပြုလုပ်ပေးနေတာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်ကို တလှည့်စီ လုပ်ပေးသွားမယ်လို့ သိရပါတယ်။
မင်းထီး










