DVB Logo
Home
မြန်မာသတင်း
COVID-19 ကူးစက်ခံရသည့် ပေါက်ခေါင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့်လမ်းကို ပိတ်ထား 
DVB
·
April 3, 2020
Donate to DVB

COVID-19 ရောဂါကူးစက်ခံရတဲ့ ပေါက်ခေါင်းမြို့က မြို့နယ်ဒုအုပ်ချုပ်ရေးမှူးနေထိုင်တဲ့ နေအိမ်နဲ့ ထိစပ်နေတဲ့ လမ်း ၂ လမ်းကို အာဏာပိုင်တွေက  ပိတ်ထားလိုက်ပြီး Lock Down လုပ်ထားလိုက်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာအမှတ်စဉ် ၁၅  အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်ပြီး သူနဲ့အတူ ၁၀ နှစ်အရွယ် သားဖြစ်သူ ၊ အသက် ၈ နှစ်အရွယ်  သမီးဖြစ်သူနဲ့ အသက် ၁၈ နှစ်အရွယ် တူမဖြစ်သူ စုစုပေါင်း ၄ ဦးတို့မှာ COVID-19 ရောဂါပိုး တွေ့ရှိတာဖြစ်ပါတယ်။

၁၅ ယောက်မြောက် ပိုးတွေ့လူနာအမျိုးသမီးဟာ ရန်ကုန်မြို့က နိုင်ငံခြားသားတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိကဆေးခန်းတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းအမျိုးသမီး တဦးဖြစ်ပါတယ်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးဟာ ဇနီးဖြစ်သူ ရောဂါပိုးမတွေ့မီ မေလ ၂၆ ရက်နေ့က ရန်ကုန်ကိုလိုက်သွားခဲ့ပြီး သား၊ သမီးနဲ့ တူမကို ပေါက်ခေါင်းမြို့ကိုသွားရောက်ခေါ်ယူခဲ့ကာ မတ်လ ၃၁ ရက်မှာ ဇနီးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိကြောင်းသိရှိခဲ့တာပါ။ 

မိသားစုဝင် ၄ ယောက် လုံးကို ဧပြီလ ၁ ရက် နေ့ကစပြီး ပေါက်ခေါင်းမြို့ကနေအိမ်မှာ အသွားလာကန့်သတ် Home Quarantine လုပ်လိုက်ပြီး သူတို့အိမ်နဲ့  လမ်းကိုလည်း Lock Down လုပ်ထားကာ သူတို့မိသားစုအတွက် လိုအပ်တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ပရဟိတအဖွဲ့တွေက ကူညီပေးထားတယ်လို့ ပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပေါက်ခေါင်းမြို့ကိုပြန်ရောက်ပြီး နောက်တနေ့ မတ်လ ၂၈ ရက်နေ့မှာတော့ ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ COVID-19 ရောဂါ ကာကွယ် ကူညီရေးနဲ့ပတ်သက်ပြီး အစည်းအဝေးတခုပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ အခု Home Quarantine လုပ်ခံရသူ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊  ကျန်းမာရေးဌာနဝန်ထမ်းတွေအပါအဝင် လူ ၂၀ လောက် တက်ရောက်ခဲ့ကြပြီး အခုသူတို့အားလုံးသာ Quarantine ထဲနေရမယ်ဆိုရင်မြို့နယ်ထဲမှာ ရောဂါကာကွယ်ရေး ဦးဆောင်လုပ်မဲ့သူ မရှိတော့ဘူးလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ပြောပါတယ်။

သူတို့မိသားစုဝင်တွေအားလုံးရဲ့ နှာခေါင်းတို့ပတ်နဲ့ အာခေါင်တို့ပတ်တွေကို ဧပြီလ ၁ ရက်နေ့က ရန်ကုန်ရှိ NHL ဓါတ်ခွဲခန်းကိုပို့ထားလိုက်ပြီး နောက်တနေ့ ဧပြီလ ၂ ရက်နေ့ ညပိုင်းမှာ COVID-19 ရောဂါပိုး တွေ့ရှိတယ်လို့ အဖြေရရှိတယ်လို့ ပေါက်ခေါင်းဆေးရုံအုပ်ကြီး  ဒေါက်တာသိမ့်သိမ့်ထွန်းက ပြောပါတယ်။

ဧပြီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ ပေါင်း ၂၀ ဦးရှိသွားပြီဖြစ်ပြီး ကင်ဆာရောဂါအခံရှိတဲ့ လူနာ အမျိုးသားတဦးကတော့ သေဆုံးသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013