
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့မှာ COVID-19 ရောဂါကူးစက်ခံရသူ ၄ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၂ ရက် ည ၈ နာရီက ထုတ်ပြန်ပါတယ်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ၁၅ ယောက်မြောက်လူနာ (Case- 015) အမျိုးသမီးနဲ့ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် ၄ ဦးကို ပေါက်ခေါင်းမြို့ရှိ နေအိမ်မှာ အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နဲ့ တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း ၄ ဦးတို့မှာ COVID-19 ရောဂါပိုး တွေ့ရှိတာဖြစ်ပါတယ်။
၁၅ ယောက်မြောက် ပိုးတွေ့လူနာအမျိုးသမီးဟာ ရန်ကုန်မြို့က နိုင်ငံခြားသားတွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိက ဆေးခန်းတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး တဦးဖြစ်ပြီး သူ့အမျိုးသားကတော့ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး တယောက်ဖြစ်ပါတယ်။
သူ့မိသားစုကို ဒီနေ့ မနက်ကစပြီး နေအိမ်မှာ Home Quarantine လုပ်ထားလိုက်တာဖြစ်ပြီး လိုအပ်တာတွေကိုတော့ ပြည်သူ့ကျမ်းမားရေးဌာန၊ ပရဟိတ အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကူညီပေးထားပါတယ်။
လူနာနဲ့ထိတွေ့ခဲ့တဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ မတ်လ ၂၈ ရက်က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ COVID-19 ရောဂါ ကာကွယ်ကူညီရေး အစည်းအဝေးကိုလည်း ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အပြင် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေ စုစုပေါင်း လူ ၂၀ လောက် တက်ရောက်ခဲ့သေးတယ်လို့ ပေါက်ခေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။
ကျန်းမာရေးဌာနက စောင့်ကြည့်လူနာနဲ့ ဆေးရုံ (သို့မဟုတ်) အိမ်မှာ အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၆၂)ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာ အဆိုပါ (၄) ဦး COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၅၈) ဦးကတော့ ရောဂါပိုးမရှိကြောင်းနဲ့ ဧပြီ ၁ ရက်မှ ၂ ရက်အထိ စောင့်ကြည့်လူနာအသစ် (၄၃) ဦး ရှိပြီးတယ်လို့ သိရပါတယ်။
ဧပြီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ ပေါင်း ၂၀ ဦးရှိသွားပြီဖြစ်ပြီး ကင်ဆာရောဂါအခံရှိတဲ့ လူနာ အမျိုးသားတဦးကတော့ သေဆုံးသွားပါတယ်။










