DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့တွင် အမေရိကန်ကလာသည့် မိသားစု ကိုယ်အပူချိန်တိုးလာသဖြင့် သံသယလူနာအဖြစ် ထားရှိ
DVB
·
March 28, 2020
သိန္နီမြို့တွင် အမေရိကန်ကလာသည့် မိသားစု ကိုယ်အပူချိန်တိုးလာသဖြင့် သံသယလူနာအဖြစ် ထားရှိ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာ အမေရိကန်ကနေ မင်္ဂလာဆောင်ဖို့ ပြန်လာတဲ့ သတို့သားနဲ့ မိခင်ဖြစ်သူတို့ဟာ COVID-19 စောင့်ကြည့်ခံနေရစဉ် ကိုယ်အပူချိန် တိုးလာတဲ့အတွက် သံသယလူနာအဖြစ် ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို အဖြေတွေ ပေးပို့ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ဦးက ပြောပါတယ်။

COVID-19 စောင့်ကြည့်နေစဉ် မောင်လုတ်ဆိန်းဇော်သိန်း (၃၈-နှစ်)နဲ့ မိခင် ဒေါ်ဘောက်လု (၆၆-နှစ်) ၂ ဦးစလုံး အဖျားအပူချိန် ၁ဝ၀ ကျော်လာတဲ့အတွက် ဖခင်ဖြစ်သူ ဦးဇော်အောင် အပါအဝင် မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ကာ သီးသန့်ထားရှိပြီး စောင့်ကြည့်ကုသပေးထားပါတယ်။

သိန္နီမြို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ဦးက “စစ်ဆေးတွေ့ရှိချက်တွေကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းကို ပို့မှာဖြစ်တယ်။ ပို့ပြီးလို့ သေချာရင် ပိုးတွေ့ရှိကြောင်း ကြေညာပေးမယ်”လို့ ပြောပါတယ်။

သိန္နီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ဒေါ်နန်းခမ်းက “တာဝန်ရှိတဲ့သူတွေက စောင့်ကြည့်မယ် ပြောတာပဲ။ တကယ်တမ်းဆို အစကတည်းက ကွင်းဆင်းပြီး စာစော​င် ဖြန့်ဝေတာတွေ၊ အသိပညာပေးတာတွေ လုပ်သင့်တယ်။ အခုက ဖြစ်ခါမှဆိုတော့ စိုးရိမ်တာပေါ့” လို့ ပြောပါတယ်။

ဓာတ်ခွဲစမ်းသပ်ပြီး Positive အဖြေတွေ့ခဲ့ရင် သိန်းနီမြို့ကို Lock Down ပြုလုပ်သွားမယ့် အစီအမံတွေကို COVID-19 ကော်မတီဝင်အဖွဲ့အစည်းအဝေး ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း စီမံဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတို့သားဟာ မင်္ဂလာဆောင်ဖို့ အ​မေရိကန်ကနေ မတ်လ ၁၂ ရက်နေ့က မိသားစုဝင် ၃ ဦးနဲ့ ရောက်ရှိလာတာဖြစ်ပြီး မတ် ၂၇ ရက် မနေ့က သိန္နီမြို့ အမှတ် ၃ ရပ်ကွက်၊ ဦးဖော်ဒါထွန်း နေအိမ်မှာ မင်္ဂလာပွဲအကြိုကို သတို့သားမပါဝင်ဘဲ ကျင်းပခဲ့သလို ဒီနေ့နက် မင်္ဂလာအခမ်းအနားကို ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

ရောဂါဖြစ်ပွားမှုနှုန်း တိုးပွားလာနေချိန် လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲပြုလုပ်မှုကို မပြုလုပ်ဖို့ တားမြစ်ထားချိန် မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်တာနဲ့ပတ်သက်ပြီး ဒေသခံတွေ ဝေဖန်ပြောဆိုနေကြပြီး အခုလို သံသယလူနာအဖြစ် သတ်မှတ်လိုက်တာကြောင့်  ပိုမိုစိုးရိမ်နေကြပါတယ်။

မတ် ၂၇ ရက် ညနေပိုင်းအထိ သိန္နီမြို့နယ်အတွင်း ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူ ဒီကနေ့အထိ ၁၂၆ ဦးရှိပြီး သတ်မှတ်နေရာတွေမှာ ၁၄ ရက်ကြာ စောင့်ကြည့်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

မတ် ၂၈ ရက် မနက်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာ ၈ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013