
ပြည်သူလူထုနဲ့ ပြည်လည်ဆုံတွေ့နိုင်မယ့်လမ်းကိုရွေးချယ်တဲ့ ပြည်သူ့တပ်မတော်အဖြစ် မျှော်လင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒီကနေ့ မတ်လ ၂၇ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အန်အယ်လ်ဒီ ပါတီက ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်သူနဲ့အတူ လက်တွဲချီတက်ရင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအောင်ပွဲကို ရယူနိုင် ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ “ပြည်သူချစ်တဲ့တပ်မတော်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးတဲ့ တပ်မတော်၊ ခေတ်နဲ့အမီ ရင်ဘောင်တန်းနိုင်တဲ့ တပ်မတော် ဖြစ်ရမယ်”ဆိုတဲ့စကားအပြင် တပ်မတော်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းညွှန်းဆိုပြောကြားခဲ့တဲ့ စကားတွေအတိုင်း ဖြစ်ဖို့အတွက်လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။
အမျိုးသားဒီမိုကရေစီချုပ်နဲ့ ပြည်သူလူထုအားလုံး တစိုက်မတ်မတ်ကြိုးပမ်း တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူအတွက် အကျိုးမပြုတဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ် ကုသရေးကို အမျိုးသားရေးလှုပ်ရှားမှုအဖြစ် အစိုးရနဲ့ ပြည်သူတွေဆောင်ရွက်နေတဲ့အပေါ် အလေးအနက် လက်တွဲပါဝင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်မြို့ရှိ အန်အယ်ဒီပါတီ ဌာနချုပ်မှာ နှစ်စဉ်ကျင်းပလေ့ရှိပေမယ့် အခုနှစ်မှာတော့ COVID - 19 ပျံ့နှံ့ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အခမ်းအနား မကျင်းပဖြစ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက်သာ ထွက်ရှိလာတာဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံတော် အတွက် တပ်မတော်ပြိုကွဲ၍ မရကြောင်းနဲ့ နိုင်ငံတော်ကို ဖြိုခွဲချင်သူတွေက တပ်မတော်ပြိုကွဲအောင်ကြိုးစားနေကြတယ်လို့ ဒီကနေ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောကြားထားပါတယ်။
ဓာတ်ပုံ- NLD











