DVB Logo
Home
မြန်မာသတင်း
အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်သဖြင့် စစ်မီးအရှိန်မြှင့်သလိုဖြစ်နေဟု ရခိုင်အမတ်ပြော
DVB
·
March 24, 2020
အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်သဖြင့် စစ်မီးအရှိန်မြှင့်သလိုဖြစ်နေဟု ရခိုင်အမတ်ပြော
Donate to DVB

တိုင်းရင်းသားအချင်းချင်းဖြစ်နေတဲ့စစ်ပွဲတွေကို ငြိမ်းချမ်းရေးဆွေးနွေးတဲ့နည်းလမ်းနဲ့ သွားစေချင်ပေမယ့် အခုလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၊ မတရားအသင်းအဖြစ် ကြေညာလိုက်တဲ့အတွက် ဆွေးနွေးပွဲလမ်းကြောင်းပျောက်သွားတယ်လို့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်သူတွေဒုက္ခရောက်နေပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်းကြောင်းနဲ့ပဲ ဖြေရှင်းရမယ့်အချိန်မျိုးမှာ အခုလို စစ်မီးအရှိန်မြှင့်လိုက်လို့ ရခိုင်ပြည်သူတွေအတွက် စိုးရိမ်ကြောင့်ကြစရာတွေဖြစ်လာတယ်လို့ ဆိုပါတယ်။

“မဆုံးနိုင်တဲ့ မပြီးနိုင်တဲ့တိုက်ပွဲတွေ ရှေ့ဆက်ပြီးတော့ ဖြစ်ပေါ်လာမယ့် အလားအလာကို မြင်နေရတယ်ပေါ့။ ကိုယ်ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးအဘက်ဘက်က ကျဆုံးနေတဲ့ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး အားလုံးအတွက် စိုးရိမ်တယ်။ ပြည်ထောင်စုအတွက်လည်း နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမယ့်နေရာမှာ စစ်ရေးအရ အပြီးသတ် အပြတ်အသတ်တိုက်မယ် ဆိုတဲ့ လမ်းကြောင်းကိုပြောင်းသွားတာကြောင့် ပြည်ထောင်စုအတွက်လည်း တော်တော့ကို စိုးရိမ်ပါတယ် ” လို့ ဦးဖေသန်းက ပြောပါတယ်။

အစိုးရအနေနဲ့ဒီလိုကြေညာလိုက်တာဟာ တပ်မတော်ရဲ့တွန်းအားလည်းရှိနိုင်သလို ဒီလမ်းကြောင်းကိုသွားတာပိုကောင်းတယ်ဆိုတဲ့သဘောမျိုးနဲ့ ဆုံးဖြတ်တယ်လို့ထင်တယ်လို့လည်း ဆိုပါတယ်။ 

AA ကို အခုလို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းလို့ သတ်မှတ်လိုက်ပေမယ့် သူ့ရဲ့ မဟာမိတ်အဖွဲ့ သုံးဖွဲ့အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလည်းဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

“အခုသူတို့ မဟာမိတ်အဖွဲ့သုံးဖွဲ့ရှိ တာပေါ့နော်၊ ဒီအဖွဲ့တွေနဲ့ဆက်စပ်ပြီးတော့ရော ဟိုဘက် အဖွဲ့တွေကို ဘယ်လိုသက် ရောက်မှုရှိမလည်း၊ AA ကို အကြမ်းဖက်အဖွဲ့အစည်း ကြေညာလိုက်တဲ့အပေါ်မှာ TNLA၊ MNDA၊ KIA တို့အပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှု ရှိမလဲဆိုတာလည်း မေးခွန်းထုတ်စရာ တစ်ခုတော့ဖြစ်လာတာပေါ့ ” လို့ ဦးဖေသန်းက ပြောပါတယ်။

ရခိုင်မှာ နေ့စဉ်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေရှိသလို လက်ရှိဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြည်တွင်း၊ ပြည်ပကနေ ပြန်လာတဲ့ လူငယ်တွေအများကြီး ပြန်ရောက်နေပြီး နေထိုင်ရေး၊ အလုပ်လက်မဲ့ပြဿနာတွေကြောင့် စိုးရိမ်နေရတယ်လို့ဆိုပါတယ်။ ဒီလိုအခြေအနေမှာ စစ်ရေးသံသရာနဲ့ ရခိုင်ပြည်နယ်ဟာ ပြာပုံဘဝရောက်သွားနိုင်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေးလမ်းကြောင်းကိုအစိုးရက ဒီထက်ဘောင်ကျယ်အောင် ချဲ့ပေးဖို့တော့လိုတယ်။ နိုင်ငံရေးလမ်းကြောင်းကို သတ်ပစ်လိုက်မယ်ဆိုရင်တော့ လက်နက်ကိုင်လမ်းကြောင်းကို လူထုက ပိုပြီးတော့ရွေးချယ်စရာဖြစ်သွားတာပေါ့ ” လို့ ဆိုပါတယ်။

အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးဘောင်ချဲ့ပေးဖို့နဲ့ တိုင်းရင်းသားဒေသတွေကို တန်းတူညီမျှ ဖြစ်အောင်၊ တိုင်းရင်းသားတွေ ရင်ထဲမှာ ညီအစ်ကိုဆိုတဲ့ စိတ်ဓာတ်မျိုးပေါ်လွင်လာအောင် ကြိုးစားပေးဖို့တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ယူအန်အေ)/ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မတ်လ ၂၃ ရက်မှာ ကြေညာလိုက်ပြီး မတရားအသင်းအဖြစ်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013