DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားမဲစာရင်း ပေါက်ကြားပါက လျှို့ဝှက်အက်ဥပဒေအရ ပြစ်မှုမြောက်ဟု တပ်ကိုယ်စားလှယ် ပြော
DVB
·
March 23, 2020
တပ်မတော်သားမဲစာရင်း ပေါက်ကြားပါက လျှို့ဝှက်အက်ဥပဒေအရ ပြစ်မှုမြောက်ဟု တပ်ကိုယ်စားလှယ် ပြော
Donate to DVB

တပ်မတော်သား အင်အားစာရင်း(မဲစာရင်း)ဟာ ထိပ်တန်းလျှို့ဝှက်ဖြစ်လို့ ပေါက်ကြားရင် လျှို့ဝှက်အက်ဥပဒေအရ ပြစ်မှုမြောက်တယ်လို့  တပ်မတော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါ တယ်။

မတ်လ ၂၃ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေတွေကို ပဉ္စမအကြိမ်ပြင်ဆင်တဲ့ နည်းဥပဒေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတာမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်က ပြောသွားတာပါ။

တပ်မဲအင်အားစာရင်းနဲ့ပတ်သက်လို့ မူလပြဋ္ဌာန်းချက်မှာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဟာ မိမိမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားတွေနဲ့ အတူနေအိမ်ထောင်စုဝင်တွေရဲ့ အမည်စာရင်းရရှိရေးအတွက် သက်ဆိုင်ရာ တပ်မှူးထံမှ တောင်းယူရမည်လို့ ပါရှိပါတယ်။

စာရင်းရရှိတဲ့အခါ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲကို ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာကော်မရှင်အဖွဲ့ခွဲသည် စာရင်းများကို စိစစ်ပြီး ကြိုတင်ဆန္ဒ မဲလက်မှတ်နဲ့ ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်တွေ ရဲ့စာရင်းကို ပုံစံ(၁-၂)ဖြင့် သီးခြား ရေးမှတ်ထားရမည်။ ရေးမှတ်ထားတဲ့ ပုံစံ(၁-၂) မိတ္ထူတစ်စောင်ကို မိမိတို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ရုံးတွင် ကပ်ထားပြီး မိတ္ထူနှစ်စောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ယင်းပုံစံ (၁-၂) တစ်စောင်ကို လက်ခံအဖြစ်သိမ်းဆည်းပြီး ကျန်တစ်စောင်ကို မိမိရုံးတွင် ကပ်ထားရမည်လို့ လည်းပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

အဆိုပါ မူလပြဋ္ဌာန်းချက်ကို “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲဟာ မိမိမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သား များနှင့် အတူနေအိမ်ထောင်စုဝင်တွေရဲ့ အမည်စာရင်းရရှိ ရေးအတွက် သက်ဆိုင်ရာတပ်မှူးထံမှ “စာဖြင့်” တောင်းယူရမည်။ စာရင်းရရှိတဲ့အခါ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲကို ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာကော်မရှင်အဖွဲ့ခွဲသည် စာရင်းများကို “ပုံစံ(၁)နဲ့” တိုက်ဆိုင်စိစစ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင် စုဝင်တွေရဲ့စာရင်းကို ပုံစံ(၁-၂)ဖြင့် သီးခြား ရေးမှတ်ထားရမည်၊ ပုံစံ(၁)မှာပါတဲ့ အမည်အောက်မှာ မှင်နီတားပြီး ကြိုတင်မဲ ဆန္ဒပေးမည့်သူများဖြစ်ကြောင်း မှတ်သားရမည်၊ ရေးမှတ်ထားတဲ့ ပုံစံ(၁-၂) မိတ္ထူတစ်စောင်ကို မိမိတို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ရုံးတွင် ကပ်ထားပြီး မိတ္ထူနှစ်စောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။ ယင်းပုံစံ (၁-၂) တစ်စောင်ကို လက်ခံအဖြစ်သိမ်းဆည်းပြီး ကျန်တစ်စောင်ကို မိမိရုံးတွင် ကပ်ထားရမည်” လို့ ပြင်ဆင်ထားပါတယ်။

ဒီလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထပ်မံပြင်ဆင်ချက်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာကော်မရှင်အဖွဲ့ခွဲသည် စာရင်းများကို “ပုံစံ(၁)နဲ့” တိုက်ဆိုင်စိစစ်ပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်နဲ့ ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်တွေရဲ့စာရင်းကို ပုံစံ(၁-၂)ဖြင့် “သီးခြားရေးမှတ်ပြီး မြို့နယ် ကော်မရှင်အဖွဲ့ခွဲမှာ လျှို့ဝှက်သိမ်းဆည်းထားရှိ ရမည်” လို့ တပ်မတော်က ထပ်မံပြင်ဆင်လိုတာဖြစ်ပါတယ်။

ဒီလို ပြင်ဆင်လိုတာဟာ “သက်ဆိုင်ရာမဲဆန္ဒနယ်မှာရှိတဲ့ တပ်မတော်သားတွေရဲ့ အင်အား စာရင်း (မဲစာရင်း)ဟာ တပ်မတော်ရဲ့ သဘောသဘာဝအရ ထိပ်တန်းလျှို့ဝှက်လုံခြုံမှု အဆင့်အတန်းရှိတဲ့ စာရွက်စာတမ်းတွေအဖြစ် သတ်မှတ်ပါတယ်။ ဒီစာရွက်စာတမ်းတွေကို ကိုင်တွယ်ထိန်းသိမ်းရတဲ့သူဟာ ပြင်ပကို မပေါက်ကြားစေရေး အလေးဂရုပြုရပါတယ်။ ထိုက်သင့် တဲ့ ဂရုပြုမှုမရှိတာ ဒါမှမဟုတ် ပေါ့လျော့မှုကြောင့် စာရွက်စာတမ်းတွေ ပေါက်ကြားရင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ ၅(၁)(ဃ)/၅(၄)အရ ပြစ်မှုမြောက်မှာဖြစ်တဲ့ အကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအဖွဲ့ဝင်တွေ အထူး သတိထားဖို့ လိုအပ်ပါတယ် ” လို့ ဗိုလ်ကြီး ဒေါ်သဇင်လှိုင်က ပြောပါတယ်။

နည်းပညာရဲ့ လိုအပ်ချက်ကြောင့် လုံခြုံရေးကျိုးပေါက်ရင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေအရ တရားစွဲဆိုရတဲ့ ကိစ္စက နောက်မှဖြစ်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးကျိုးပေါက်မှုက အရင်ဖြစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် တပ်မတော်သားတွေရဲ့ မဲစာရင်း၊ ကြိုတင်ဆန္ဒမဲပြုသူ စာရင်းပြုစုတာမှာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲနဲ့ သက်ဆိုင်ရာတပ်မှူးတို့က သတိပြုပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်သားတွေက အတူနေအိမ်ထောင်စုဝင်တွေရဲ့ ကြိုတင်ဆန္ဒမဲပေးတာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထားတဲ့ နေ့ရက်နဲ့ အချိန်အတွင်းသာလို့ ပြင်ဆင်ထားတာမှာလည်း ဗိုလ်ကြီး ဒေါ်သဇင်လှိုင်က သက်ဆိုင်ရာတပ်မှူးနဲ့ ညှိနှိုင်းသတ်မှတ်သော နေ့ရက်အချိန်အတွင်းတွင်လို့ ပြင်ဆင်လိုကြောင်း ဆွေးနွေးသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013