DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းက အရှုံးပေါ် အထည်စက်ရုံများ ပုဂ္ဂလိကရောင်းချရန် တပ်ကိုယ်စားလှယ်တင်ပြ
DVB
·
February 27, 2020
စစ်ကိုင်းတိုင်းက အရှုံးပေါ် အထည်စက်ရုံများ ပုဂ္ဂလိကရောင်းချရန် တပ်ကိုယ်စားလှယ်တင်ပြ
Donate to DVB

နှစ်စဉ် ကျပ်သန်း ၆ ထောင်လောက် အရှုံးပေါ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက အထည်စက်ရုံ ၄ ရုံကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရောင်းချဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တိုင်းလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အမှတ် ၆ အထည်စက်ရုံ (ဆားလင်းကြီး)၊ အမှတ် ၆ အထည်စက်ရုံခွဲ (မုံရွာ)၊ အမှတ် ၃ အထည်စက်ရုံ (စစ်ကိုင်း)၊ အမှတ် ၃ အထည်စက်ရုံခွဲ (စစ်ကိုင်း) ဆိုပြီး အထည်စက်ရုံ ၄ ရုံရှိပါတယ်။ 

အဲဒီစက်ရုံတွေက နှစ်စဉ် အရှုံးပေါ်နေပြီး တနှစ်ကို ကျပ်သန်း ၆၀၀၀ နီးပါး နိုင်ငံတော်က ရှုံးနေကာ အဲဒီပမာဏက မြို့နယ် ၂ မြို့နယ်စာရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ဒီစက်ရုံတွေကို ပုဂ္ဂလိကပိုင် လွှပြောင်းရောင်းချနိုင်ရေး တိုင်းအစိုးရ စီမံဆောင်ရွက်ပေးဖို့ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး စိုးဝင်းမြင့်က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

"အရှုံးပေါ်နေပြီး နိုင်ငံ့ဘဏ္ဍာအလေအလွင့်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ အထည်စက်ရုံတွေကို ပုဂ္ဂလိကပိုင် လွှဲပြောင်း ရောင်းချတာ သို့မဟုတ် privatization ဆောင်ရွက်ဖို့ တိုင်းအစိုးရအနေနဲ့ ဘယ်လို စီမံဆောင်ရွက်သွားမယ်ဆို တာကို မေးမြန်းအပ်ပါတယ်" လို့ ဗိုလ်မှူး စိုးဝင်းမြင့်က ပြောဆိုခဲ့ပါတယ်။

ဒီအပေါ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက "အထည်စက်ရုံတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲရတဲ့ စက်မှုလုပ်ငန်းတွေဖြစ်ပြီး ဆက်လက်ဆောင်ရွက်၊ မဆောင်ရွက်ဆိုတာက ပြည်ထောင်စုနဲ့သာ သက်ဆိုင်ကာ တိုင်းအစိုးရက စီမံဆုံးဖြတ်လို့မရဘူး။ ဒါပေမယ့် ပြည်သူပိုင်စက်ရုံတွေဖြစ်လို့ ပြည်သူ့အကျိုးအတွက် ပေါင်းစပ်ညှိနှိုင်းတာ၊ အကြံပြုတာတွေတော့ လုပ်ဆောင်သွားမယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းရှိ အထည်စက်ရုံ ၄ ရုံအနက် အမှတ် ၆ အထည်စက်ရုံခွဲ (မုံရွာ) ကိုတော့ အိန္ဒိယ နိုင်ငံရဲ့ အကူအညီနဲ့ အမှတ် ၇ စက်မှုသင်တန်းကျောင်းအဖြစ်ပြောင်းလဲကာ အခုနှစ်မှာ ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ စစ်ကိုင်းက အထည်စက်ရုံ ၂ ရုံကိုတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ထုတ်ကုန်ခွဲဝေခံစားမှုစနစ်နဲ့ ၅ နှစ် ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ဆားလင်းကြီးက အထည်စက်ရုံကိုလည်း ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီမံနေတယ်လို့ ဆိုပါတယ်။ အထည်စက်ရုံတွေအတွက် ကျွမ်းကျင်လုပ်သား၊ နည်းပညာ၊ စက်ပစ္စည်း၊ ကုန်ကြမ်း လိုအပ်ချက်တွေလည်း များစွာရှိနေပါတယ်။ 

ပုဂ္ဂလိကနဲ့ ပူးပေါင်းဖို့ စီစဉ်နေစဉ်ကာလမှာလည်း အရှုံးသက်သာအောင် ပညာရေး ဝန်ကြီးဌာနရဲ့ အမှာစာနဲ့ ကျောင်းစိမ်းလုံချည်ပိတ်စ ထုတ်လုပ်တာ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ အမှာစာနဲ့ သားရေတုမွေ့ရာထုတ်လုပ်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။ 

စက်ရုံ‌တွေရှုံးနေရတာက ကုန်ကြမ်းရှားပါးတာ၊ ဝန်ထမ်းလစာ၊ အရည်အသွေးမီကုန်ချော မထုတ်နိုင်တာ စတာတွေကြောင့် ဖြစ်တယ်လို့ တိုင်းစည်ပင်ဝန်ကြီးကလည်း လွှတ်တော်မှာ ဖြေကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013