DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အတိုင်းအတာတခုထိ ရလဒ်ကောင်းရမည် မျှော်လင့်ခဲ့ဟု ဒေါက်တာမြတ်ဉာဏစိုး ပြော
DVB
·
March 14, 2020
ဖွဲ့စည်းပုံပြင်ရေး အတိုင်းအတာတခုထိ ရလဒ်ကောင်းရမည် မျှော်လင့်ခဲ့ဟု ဒေါက်တာမြတ်ဉာဏစိုး ပြော
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ရှုံးမှာမှန်းသိသိနဲ့ လုပ်တာမဟုတ်ဘဲ အတိုင်းအတာတခုထိ ရလဒ်ကောင်းရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်တဲ့နေရာမှာ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း အကောင်အထည်ဖော်တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွဲစည်းရုံးတဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဝေဖန်နေကြသလိုမျိုး ရှုံးမယ်မှန်းသိလျက်နဲ့ လုပ်တာမျိုးမဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးစီးချုပ်ကလည်း ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်မယ်လို့ ပြောထားတဲ့အတွက် အတိုင်းအတာတခုအထိ ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

“ဒီလောက်ထိ ရလဒ်တွေ နည်းလိမ့်မယ်လို့ လုံးဝ မမျှော်မှန်းထားခဲ့ဘူး။ မမျှော်မှန်းထားတဲ့အကြောင်း အရင်းတွေကလည်း ရှိပါတယ်။ အားလုံးပြောတဲ့အတိုင်း သော့နှစ်ချောင်းနဲ့ ပြိုင်တူဖွင့်မှ ပွင့်မယ်ဆိုတော့ တဖက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို ပြင်ဆင်မယ်လို့ ပြောပြီးသား၊ ပြောပြီးသားဆိုတဲ့အတွက်မို့လို့ ကျနော်တို့အနေနဲ့ အတိုင်းအတာတခုထိတော့ ရလဒ်တွေပေါ့၊ ပြင်ဆင်မှုတွေ ရလိမ့်မယ်လို့ ထင်ခဲ့တယ်။”

အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်ဆင်ဖို့ပြောထားတဲ့အတွက် အကုန်လုံး မဟုတ်သည့်တိုင် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်အစား စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ဆိုတဲ့ ပြင်ဆင်ချက်၊ ပြည်ထောင်စုသဘောတူစာချုပ်မှာလည်း လက်မှတ်ထိုးပြီးသား ဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုထားတဲ့အတွက် နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းတည်ဆောက်တယ် ဆိုတဲ့ ပြင်ဆင်ချက် နှစ်ချက်လောက်တော့ ပြင်နိုင်မယ်လို့ ထင်ထားတယ်လို့ ဆိုပါတယ်။

“အခုဟာ အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ ဖြစ်နိုင်ခြေရှိတာ အများကြီးကို အမျိုးသားရင်ကြားစေ့ရေးရော၊ အရပ်ဘက် တပ်ဘက် ဆက်ဆံရေးရော အများကြီးကို ချိန်ဆပြီး လျှော့ချဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ဆိုလိုတဲ့သဘောကတော့ ခေတ်ကာလ အခြေအနေနဲ့ ကိုက်ညီအောင် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်အောင် ပြည်သူ့မျက်နှာကို မူတည်ပြီးတော့ ဆောင်ရွက်နိုင်ဖွယ်ရာရှိတဲ့ အခြေအနေမျိုးကိုပဲ သုံးသပ်ပြီး ဆောင်ရွက်ခဲ့တာ” လို့ ပြောပါတယ်။

မတ် ၁၀ ရက်ကစပြီး ဆောင်ရွက်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို မဲခွဲဆုံးဖြတ်နေတာမှာ ပုဒ်မ ၄၃၆(က) နဲ့အကျုံးဝင်တဲ့ ပုဒ်မ ၅၅ ခုပါ ဥပဒေကြမ်းတခုဟာ မတ်လ ၁၃ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီအောင် တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို လျှော့ချဖို့ ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးထားတဲ့ ပုဒ်မ ၅၅ ခုအနက် တပ်မတော်နဲ့ပဲ သက်ဆိုင်တဲ့ မသန်မစွမ်းဆိုတဲ့ စကားရပ်အစား မသန်စွမ်းဆိုတဲ့ စကားရပ်ပါတဲ့ ပုဒ်မ ၂ ခုပဲ အတည်ပြုနိုင်ခဲ့ပါတယ်။

အခုလို ပုဒ်မ ၄၃၆(က)နဲ့အကျုံးဝင်တဲ့ ပုဒ်မ ၅၅ ခုပါ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်တာ ပြီးတဲ့အတွက် နောက်ပတ်မှာ ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ် ၈၀ ခုပါ ဥပဒေကြမ်းကို ဆက်လက် မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013