DVB Logo
Home
မြန်မာသတင်း
ရေနံစိမ်းစျေးနှုန်းနှင့် ရော်ဘာဈေးများ အဆမတန်ကျဆင်းနေ
DVB
·
March 11, 2020
ရေနံစိမ်းစျေးနှုန်းနှင့် ရော်ဘာဈေးများ အဆမတန်ကျဆင်းနေ
1 / 2
Donate to DVB

ရေနံစိမ်းစျေးနှုန်း အဆမတန် ကျဆင်းနေတဲ့အတွက် ပြည်တွင်း ရေနံ လက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

သပြေညိုရေနံမှော်မှ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ကိုင်သူ ဦးမောင်အေးက “အခု နှစ်စပိုင်းမှာတော့ ရေနံစိမ်း တပေပါကို ကျပ် တသိန်းကျော်ဝန်းကျင် ရောင်းချရပြီး ဒီရက်ပိုင်းမှာတော့ တပေပါကို ၆၀၀၀၀ ကျပ်ဝန်းကျင်ပဲ ရောင်းချနေရပါတယ်။ အဓိကတော့ ကမ္ဘာ့ရေနံစိမ်းစျေးနှုန်း ဆက်တိုက်ကျဆင်းလို့ ခုလို ဖြစ်တာပါ။ ငွေကြေးတတ်နိုင်တဲ့ ရေနံကျင်းပိုင်တွေကတော့ မရောင်းသေးဘဲနဲ့ မြေကျင်းတူးပြီး မိုးကာကန် ပြုလုပ် သိုလှောင်ထားကြပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

သရက်ကန် ရေနံမှော်က ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်လင်း ကတော့ “ဆီစျေးတွေ တအားကျတဲ့အပြင် ကျင်းမအောင်မြင်ကြတာတွေကြောင့် ရင်းနှီးမြှုပ်နှံမှု နည်းလာတယ်။ လက်ရှိအချိန်မှာတော့ ဆီခြံသမားတွေကော ကားသမားတွေပါ အလုပ် အဆင်မပြေကြပါဘူး။ အရောင်းအဝယ်တွေ မဖြစ်၊ ကုန်ကြမ်းတွေ ရှားပါးလာတော့ ကားတွေလည်း ရပ်ထားရတယ်။ ကမ္ဘာ့ရေနံစျေးနှုန်းကလည်း နှစ်စပိုင်းမှာ တစည်ကို ဒေါ်လာ ၅၀ ကျော်ထိ မြင့်တက်ခဲ့ပြီး ဒီရက်ပိုင်းမှာတော့ ဒေါ်လာ ၃၀ ဝန်းကျင်ထိ ကျဆင်းလာနေတယ်” လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကို မင်းလှ၊ သရက်၊ မြိုင်၊ ပေါက် စတဲ့မြို့နယ်တွေမှာ တူးဖော်လုပ်ကိုင်ကြပြီး ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို မုံရွာမြို့ရှိ ကျောက္ကာရေနံချက်ဖိုတွေကို အဓိကထား တင်ပို့ရောင်းချနေကြတာပါ။



အခုရက်ပိုင်းအတွင်း ရော်ဘာဈေးတွေ ယခင်ပေါက်ဈေးတွေထက် ထပ်မံကျဆင်းသွားနေလို့ မွန်ပြည်နယ် ရေးမြို့နယ်က ရော်ဘာခြံရှင်တွေ တွက်ခြေမကိုက်ဘဲ ဖြစ်နေပါတယ်။

အရင်က ‌ရော်ဘာပေါက်ဈေး ၁ ပေါင်မှာ ၆၈၀ ကျပ် ရှိရာ ကနေ အခု ရရှိတဲ့ ဈေးက ၅၂၀ ကျပ်ပဲ ရရှိတော့ ခြံရှင်တွေ အများစုမှာ ခြံ လူငှားပေးရတဲ့ လုပ်ခနဲ့ တွက်ခြေမကိုက်ကြဘဲ တချို့ ခြံရှင်တွေဆို အစေးခြစ်လုပ်ငန်းကိုပါ ပိတ်သိမ်းရပ်နားထားလိုက်ရသလို အစေးခြစ် လုပ်သားတွေပါ ရှားပါးလာတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ခြံရှင်တွေက ပြောပါတယ်။

ရော်ဘာ ကုန်သည်တွေက “ရော်ဘာကို တရုတ်ဘက်မှ အဓိက ဝယ်ယူနေပေမယ့် အခု ကိုရိုနာရိုဗိုင်းရပ်စ်ရောဂါတွေကြောင့် ရော်ဘာ တင်ပို့မှုပါ ကျဆင်းသွားပြီး အဝယ်က မလိုက်တော့ ပြည်တွင်းဈေးကွက်ပါ တဖြည်းဖြည်းနဲ့ ထိခိုက်ကျဆင်းလာနေတယ်”လို့ ပြောပါတယ်။

ရော်ဘာဈေးတွေ ကျဆင်းလာတာနဲ့အမျှ ရေးမြို့နယ်ရဲ့ အဓိက ဝင်ငွေအများဆုံးရရှိတဲ့ ဝင်ငွေလည်း ဖြစ်တာကြောင့် အခုလို ရော်ဘာဈေးတွေ ကျဆင်းလာတဲ့အခါ ဒေသရဲ့စီးပွားရေး တခြားလုပ်ငန်းတွေပါ ဂယက်ရိုက် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှ ရော်ဘာစိုက်ဧကပေါင်း သိန်းနဲ့ချီရှိပြီး ရော်ဘာဈေးကောင်းမရလို့ ရော်ဘာအစား တခြား အစားထိုးလုပ်ငန်းကိုပါ ပြောင်းလဲလုပ်ကိုင်ကြတဲ့သူတွေလည်း တဖြည်းဖြည်းနဲ့ ရှိလာနေကြတာပါ။

ရော်ဘာပေါက်ဈေး ၁ ပေါင်ကို အမြင်ဆုံး ၁၈၀၀ နီးပါးအထိကို ၂ဝ၁ဝ ခုနှစ်မှာ ရရှိခဲ့ဖူးထားခဲ့လို့ ဆိုပါတယ်။

သတင်း - နေမျိုးထွဋ်၊ မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013