DVB Logo
Home
မြန်မာသတင်း
ကရင်သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ စောသာဘိုး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရ
DVB
·
March 8, 2020
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် “သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးကွန်ရက်” က စောသာဘိုးကို ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။ 

ဘာကြောင့် အခုလိုအမှုဖွင့်ထားတယ်ဆိုတာကို မသိရပေမယ် တရားရုံးက ဖမ်းဆီးဖို့ စာထွက်ထားတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့လုပ်ဆောင်နေတယ်လို့ ဘားအံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးမျိုးအောင်က ပြောပါတယ်။

“မြို့နယ်တရားရုံးကနေပြီးတော့ ၅၀၅ (ခ) နဲ့ ဖမ်းဝရမ်းထွက်ထားတယ်လေ။ အဲဒါ ကျနော်တို့က ဝရမ်းအတည်ပြုရတာပေါ့။ စွဲတာကတော့ တရားရုံးကမှ သိမယ်။ သူအမြန်လာရှင်းရင်တော့ အဆင်ပြေမယ်။ ကာယကံရှင်ကိုယ်တိုင်တရားရုံးမှာ လာရှင်းတာ အကောင်းဆုံးပဲ။ ”

ဒါ့အပြင် စောသာဘိုးကို သူ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ပေမယ့် ခရီးလွန်နေတယ်ဆိုပြီး မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။

ဘယ်ကိစ္စကြောင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတာလဲဆိုတာကို သေချာမသိရပေမယ့် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ညွန်ကြားချက်နဲ့ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့က အမှုဖွင့်ထားတာလို့သိရကြောင်း စောသာဘိုးက ပြောပါတယ်။ 

“အခု မေးကြည့်တာကတော့ ဝန်ကြီးချုပ်ကနေ တိုက်ရိုက်စွဲခိုင်းတာပေါ့။ ဝန်ကြီးချုပ်ကနေ စွဲခိုင်းတယ်လို့ သိရတယ်။ အဓိက ကျနော်တို့ သတင်းမီဒီယာမှာ ပြောတဲ့ဟာက နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြစ်တယ်လို့ ယူဆပြီးစွဲတယ်။ ပြီးတော့် ဇန်နဝါရီ ၁၇ ရက်နေ့ ကျနော်တို့ ဆုတောင်းပွဲလေး လုပ်သွားတာရှိတယ်လေ။ ဒေသခံတွေ၊ ဆရာတော်တွေ ဦးဆောင်ပြီး လုပ်ကြတာ၊ ကျောက်မီးသွေးသုံး ရေမည်းတာ (ရေအရောင်ပြောင်းတာ) နဲ့ပတ်သက်ပြီး ဒေသခံ ရွာပေါင်း ၃၀ လောက်က ပူးပေါင်းပြီး ရိုးရာဓလေ့အတိုင်းဆုတောင်းပွဲလုပ်တာ အဲဒီလုပ်တဲ့ နောက်ဆက်တွဲကြောင့် တရားစွဲတာဖြစ်တယ်ပေါ့။” 

ဒီလိုတရားစွဲဆိုမှုကို သူ့အနေနဲ့ ရင်ဆိုင်သွားမှာဖြစ်ပေမယ့် စွဲတဲ့ပုံစံတွေက လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း စောသာဘိုးက ပြောပါတယ်။

“သူတို့လုပ်ပုံလုပ်နည်းတွေက လူသားတယောက်ရဲ့ ဥပဒေဘောင်နဲ့မညီ လာတဲ့ကိစ္စဖြစ်တယ်လို့ ကျနော် ယူဆတယ်။ အဓိကက ဒါ ဒီမိုကရေစီလမ်းကြောင်းနဲ့ လွဲချော်နေပြီ။ လောလောဆယ် ဒီလိုလုပ်တာက ဖိနှိပ်မှုလုပ်တာလို့မြင်တယ်။ ကျနော်တို့အရပ်ဘက် အဖွဲ့အစည်းတွေ၊ သဘဝပတ်ဝန်းကျင်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဖိနှိပ်တာလို့ပဲမြင်တယ်။ အခု ကျောက်မီးသွေးကိစ္စ တကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ CLIMATE CHANGE  ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့အတွက် ကျနော်တို့က ကန့်ကွက်တဲ့ဟာကိုလုပ်တာလေ။ တိုင်းပြည်ကောင်းကျိုးအတွက်ပဲလုပ်တာ၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်လို့၊ အဲဒီလိုကိစ္စတွေမှာ သူတို့ အဲဒီလိုအရေးယူတယ်ဆိုတာ လူတယောက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။ ပြီးတော့ လူသားတယောက်မှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ဟာ မရှိတော့ဘူးလို့ ကျနော်မြင်တယ်။ ”

စောသာဘိုးကို အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ကို  ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013