DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ၂ ဦးအား ဖမ်းဆီးရိုက်နှက်ခဲ့သည့် BGF တပ်ဖွဲ့ဝင်များကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်
DVB
·
March 8, 2020
Donate to DVB

သတင်းထောက် ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်ခဲ့တဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က တပ်သားစောချဒါးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ၊ ကျန် ၄ ဦးကို ၂ လစီ ဒီနေ့ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် Frontier Myanmar  သတင်းဌာနရဲ့ သတင်းထောက် နော်ဘက်တီဟန်နဲ့ မြန်မာတိုင်းမ် ဓာတ်ပုံသတင်းထောက် မားနော်တို့ဟာ  မတ်လ ၄ ရက် ညနေ ၄ နာရီလောက်က မြဝတီမြို့ သောင်ရင်းမြစ်ဘေး BGF ထိန်းချုပ်နယ်မြေထဲက သဲပုံဆိပ်မှာ အသစ်ဆောက်လုပ်နေတဲ့ ကာစီနိုလုပ်ငန်း အဆောက်အအုံတွေကို ဓာတ်ပုံရိုက်နေတုန်း ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်ခံခဲ့ရတာပါ။

ကရင်ပြည်နယ် ဘားအံ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဗိုလ်မှူး ဇော်လင်းက “သူ့ကို စစ်ဆေးမေးမြန်းမှု အတိုင်းအတာအရ မီဒီယာတွေရှေ့မှာ သူဝန်ခံတယ်။ သူကိုယ်တိုင်လည်း အထက်အမိန့်ကို မယူဘူး၊ ပြီးတော့ ဗဟိုရဲ့ညွှန်ကြားချက်၊ အထက်လူကြီးရဲ့ ညွှန်ကြားချက်တွေကိုလည်း မတင်ပြဘဲ သူ့သဘောဆန္ဒအရ လုပ်သွားတယ်ဆိုတာလည်း စစ်ဆေးတွေ့ရှိတယ်။ စစ်ဆေးတွေ့ရှိတဲ့အတိုင်းအတာပေါ်မှာ ကျနော်တို့က တပ်ဖွဲ့စည်းမျဉ်းစည်းကမ်းအရ၊ ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် တပ်ဖွဲ့ဝင်တွေဖြစ်တယ်။ ပြည်သူလူထုကို ကိုယ်ထိလက်ရောက်ကျူးလွန်ရင် ကျူးလွန်တဲ့အပေါ်မှာ မူတည်ပြီး အပြစ်ရှိရင်ရှိသလို အရေးယူသွားပါမယ်။” လို့ ပြောပါတယ်။

သတင်းထောက် ၂ ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် တပ်သားစောချဒါးကို နယ်ခြားစောင့်တပ် ဌာနချုပ် မဲသိမ်ဗဟိုဌာနချုပ် ထိန်းသိမ်းရေးစခန်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချလိုက်ပြီး နောက်ထပ်ပါရှိသူ ၄ ဦးကိုလည်း  မိခင်တပ်ရင်း ၁၀၂၂ စခန်းမှာ ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ စောချဒါးက “ကျနော် အနူးအညွတ်တောင်းပန်တယ်။ ကျနော်မှားတဲ့အတွက် လက်ရှိ အပြစ်ကို ခံယူနေပြီ။ မီဒီယာအားလုံးကို လည်း တောင်းပန်တယ်၊ သူတို့နှစ်ယောက်ကိုတော့ စော်ကားမိတဲ့အတွက် ကျနော် အနူးအညွတ်ပိုပြီးတော့ တောင်းပန်တယ်။ ကျနော့်ကို ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။ ယောကျ်ာလေးတယောက်ကိုပဲ ကျနော် ခြေလွန်လက်လွန်ဖြစ်သွားတယ်။ မိန်းကလေးကိုတော့ ဘာမှမလုပ်ပါဘူး။”

BGF က ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်ခဲ့တဲ့ သတင်းထောက် ၂ ဦးကိုတော့ နောက်တနေ့မှာ ပြန်လည်လွှတ်ပေးလိုက်တာပါ။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF ဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့တပ်ဖွဲ့ဖြစ်ပြီး ဗိုလ်မှူးစောချစ်သူက ဦးစီးနေတာပါ။ သူတို့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်မှာ ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို တရုတ်ကုမ္ပဏီတွေနဲ့ ပူးတွဲလုပ်ကိုင်နေသလို ရွှေကက္ကိုစီမံကိန်းနဲ့ ကာစီနိုလောင်းကစားရုံတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013