DVB Logo
Home
မြန်မာသတင်း
PNLO ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ်အစိုးရ ကွင်းဆင်းလေ့လာ
DVB
·
March 7, 2020
PNLO ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ်အစိုးရ ကွင်းဆင်းလေ့လာ
Donate to DVB

နှစ်ပေါင်း ၇၀ ကျော် စစ်တလင်းဖြစ်ပွားခဲ့တဲ့ မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ပထမဆုံးအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ် ၆ ရက်နေ့မှာ ကွင်းဆင်းလေ့လာခဲ့ပြီး ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီဒေသမှာ ပြည်သူလူထုက စစ်ဘေးစစ်ဒဏ်တွေ ခါးသီးစွာ ခံစားနေရပြီး အခု ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မယ်လို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာလင်းထွဋ်က ပြောပါတယ်။

“မကြာခင်အချိန်အတွင်း NRPC ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကော်မရှင်ကနေ ဦးဆောင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ PNLO၊ PPDC သူတို့တွေ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Swiss Develop Cooperation နဲ့ နီပွန်ဖောင်ဒေးရှင်းတို့ တွဲဖက်ပြီး ဒီဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဆွေးနွေးကြတယ်။ အားလုံးသိတဲ့အတိုင်း ငြိမ်းချမ်းလာရင် ဖွံ့ဖြိုးရေးက လုပ်လို့ကောင်းလာတယ်။ အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဝိုင်းကူမယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရကလည်း ဝိုင်းကူမယ်ဆိုရင် ဒီဒေသမှာရှိတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းလာတာနဲ့အမျှ ငြိမ်းချမ်းရေးအသီးအပွင့် ဖွံ့ဖြိုးမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လေ့လာတဲ့အနေနဲ့ ဒီဒေသကို ဦးဆုံး ရောက်လာတာ ဖြစ်ပါတယ်။”

အခုလို အဲဒီဒေသကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရောက်လာနိုင်တာကတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တွေကြောင့် ဖြစ်တယ်လို့ PNLO ဦးဆောင်နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ငြိမ်းချမ်းရေးကို ဆက်လက်ခိုင်မာအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ နံပါတ်နှစ်က ဒီမိုကရေစီ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီကို ကူးပြောင်းတဲ့အချိန်မှာ ဒေသခံ လူမျိုးမရွေး၊ ဒေသမရွေး မိမိအခွင့်အရေးကို မိမိ တင်ပြနိုင်မှ ဒီမိုကရေစီ ဖြစ်မှာပါ။ ဒါကြောင့် ဖက်ဒရယ်ကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ ဒီဒေသရဲ့ လိုအပ်ချက် အခြေအနေကို ဒီဒေသမှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ လူထုကို အခြေပြုပြီး လုပ်ကိုင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပေါ်ပေါက်ရေးဟာ ဖက်ဒရယ်ရဲ့ လုပ်ငန်းစဉ်အစ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး၊ လူမှုရေး၊ ဖက်ဒရယ်ရေး ဒီသုံးခုကြောင့် ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူ ခေါင်းဆောင်ကြီးတွေ ရောက်လာတယ်လို့ မှတ်ချက်ပြုပါတယ်။”

အဲဒီဒေသမှာ လမ်းတံတား၊ လျှပ်စစ်မီး စတဲ့ အခြေခံဖွံ့ဖြိုးရေးတွေ အခြားဒေသထက် နောက်ကျကျန်ခဲ့တာလည်း ဖြစ်ပါတယ်။

PNLO ဒုက္ကဋ္ဌ ခွန်မြင့်ထွန်းက “အရင်ကာလက လမ်းတွေဖောက်လုပ်တဲ့အခါမှာ အများအားဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်အနေနဲ့ ကိုယ်ထူကိုယ်ထ ဖောက်ခဲ့တဲ့လမ်းတွေ ရှိတယ်။ ဆရာတော်နဲ့ ဒေသခံလူထုက သူတို့အင်အားနဲ့သူတို့ ဖောက်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ပညာရပ်ပိုင်းဆန်ဆန်အနေနဲ့တော့ မဖောက်လုပ်နိုင်ခဲ့ဘူး။ အခု လမ်းတွေကို ဖောက်လုပ်တဲ့အခါမှာ ဖွံ့ဖြိုးရေးကို အခြေခံပြီး ကုန်သယ်နိုင်တဲ့ လမ်းတွေဖြစ်အောင် ဖောက်လုပ်ဖို့ ဆွေးနွေးကြတာ ဖြစ်တယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးတွေကလည်း အရေးကြီးပါတယ်။ အခု ကျနော်တို့ လုပ်နေတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ကတော့ မူမရှိဘဲလုပ်တဲ့ ဖွံ့ဖြိုးရေးအစီအစဉ်မျိုး မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေ ကျနော်တို့ လုပ်ဆောင်နေပါတယ်။”

ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ လက်ရှိ နောင်ထောဝ်ကနေ PNLO ဌာနချုပ် ဗန်းမက် အထိ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်နိုင်တဲ့ ကားလမ်းကို အရင်ဖောက်လုပ်ပေးမယ်လို့ ပြောပါတယ်။

အဲဒီဒေသမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ နီပွန်ဖောင်ဒေးရှင်း၊ Swiss development cooperation တို့နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေ သိန်း ၁၀၀ နဲ့ ကျောင်းသုံး ဗလာစာအုပ်တွေ လှူဒါန်းပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013