DVB Logo
Home
Lead Story
လင်းနို့တို့အကြောင်း တစေ့တစောင်း
DVB
·
March 6, 2020
လင်းနို့တို့အကြောင်း တစေ့တစောင်း
Donate to DVB

အပိုင်း (၁)

အခုတလော ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကြောင့်ဖြစ်လာတဲ့ ရောဂါဟာဆိုရင် ကမ္ဘာ့နိုင်ငံအတော်များများမှာ ကူးစက်နေပါတယ်။ ဒီရောဂါကြောင့် လူတွေဟာ စိတ်ချောက်ချားနေရပါတယ်။ ဒီရောဂါဟာ လင်းနို့ကြောင့်ဖြစ်ရတယ်ဆိုပြီးလည်း မီဒီယာတွေက ကြေညာတော့ ကျမတို့နိုင်ငံကတာဝန်ရှိသူတွေကလည်း ထိတ်လန့်စိုးရိမ်ပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ လူမနေသေးတဲ့ တိုက်ခန်းတွေမှာနေတဲ့ လင်းနို့တွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး DVB က ကြေညာသွားပါတယ်။

ကျွန်မကတော့ လင်းနို့တွေကို သုတ်သင်ရှင်းမယ်ဆိုတဲ့သတင်းကို ကြားရမှသာ ထိတ်လန့်မိပါတော့တယ်။ ဘာလို့လဲဆိုတော့ ရှင်းလင်းမယ့်သူတွေက ဘယ်လိုနည်းပညာတွေ။ နည်းလမ်းတွေသုံးပြီး ရှင်းလင်းမှာလဲ။ ရှင်းလင်းဖို့ ကျွမ်းကျင်တတ်ကျွမ်းတဲ့ ပညာရှင်တွေရှိပြီလား။ ရှင်းလင်းလိုက်ရင် နောက်ဆက်တွဲ ဂေဟစနစ်ကို ဘယ်လိုတွေ ထိခိုက်နိုင်လဲဆိုတာတွေကို သိဖို့လိုပါတယ်။ အခုလို မရှင်းဘဲ ထားလိုက်ရင်ရော ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်လာနိုင်သလား စသည်ဖြင့် မေးခွန်းတွေ အများကြီးပေါ်ထွက်လာပါတယ်။ 

ကျွန်မကဘာလို့ ဒီလိုပြောရသလဲဆိုရင် ကျမရဲ့ ပါရဂူဘွဲ့ (PhD) ကို လင်းနို့သုတေသနလုပ်ပြီး လေ့လာခဲ့တာပါ။ လင်းနို့သုတေသနကို ၂၀၀၂ ခုနှစ်မှစပြီး ယခုအချိန်ထိ စဉ်ဆက်မပြတ်လုပ်နေတာပါ။ လင်းနို့အကြောင်း အနည်းငယ်ပြောပြပါရစေ။ လင်းနို့တွေကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ 

၁။ အသီးစားလင်းနို့ ( Fruit Bat)အရပ်ခေါ် လင်းဆွဲနှင့်

၂။ အင်းဆက်စားလင်းနို့ ( Insectivorous Bat) တို့ဖြစ်ပါတယ်။ 

သူတို့တွေက ညအချိန်မှာ အစာရှာလေ့ရှိပြီး နေ့ခင်းဘက်မှာ သူတို့နေတဲ့ နေရာတွေမှာ အနားယူလေ့ရှိပါတယ်။ အသီးစားလင်းနို့တွေက အသီးတွေကို တပင်ပြီးတပင် သွားရောက်စားလေ့ရှိပါတယ်။ သူတို့က အသီးရဲ့ အသားတွေကိုသာစားသုံးပြီး အစေ့တွေကို မချေဖျက်နိုင်ပါဘူး။ နောက်ပြီး သူတို့ကပျံသန်းအစာရှာနေရင်း မစင်စွန့်ကြပါတယ်။ မစင်ကျတဲ့နေရာတွေမှာ မစင်ထဲမှာပါတဲ့ အစေ့တွေကနေ အပင်သစ်တွေ ပြန်ပေါက်ပါတယ်။ ဒါကြောင့် အသီးစားလင်းနို့တွေဟာ သစ်တောပြန်လည်တည်ဆောက်ခြင်း ( Forest Regeneration) မှာ အစေ့များကို ပြန့်ကျဲပေးသူ ( Seed Disperser) အနေနဲ့ အရေးပါပါတယ်။ ဒါ့အပြင် အသီးစားလင်းနို့ထဲမှာ ဝတ်ရည်စုပ်တဲ့ လင်းနို့တွေလည်း ရှိပါတယ်။ သူတို့ကလည်း တပင်ပြီးတပင် ဝတ်ရည်စုပ်ပြီး ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ပန်းပွင့်များကို ဝတ်မှုန်ကူးပေးသူ ( Pollinator) အနေနဲ့ အကျိုးပြုပါတယ်။

ဒုတိယတစ်မျိုးဖြစ်တဲ့ အင်းဆက်စားလင်းနို့တွေက စိုက်ခင်းတွေမှာ ကျရောက်တဲ့ အင်းဆက်ဖျက်ပိုးတွေ။ ခြင်တွေကို ညတိုင်း ၎င်းတို့ကိုယ်အလေးချိန်ရဲ့ ၅၀%ခန့် စားသုံးလေ့ရှိပါတယ်။ သူတို့ရှိခြင်းအားဖြင့် အင်းဆက်တွေ။ ခြင်တွေကို ဓါတုဆေးသုံးပြီး နှိမ်နင်းစရာ မလိုဘဲ သက်ရှိကို သက်ရှိဖြင့်နှိမ်နင်းခြင်း (Biological Control) အတွက် အရေးပါပါတယ်။ဒါအပြင် လင်းနို့ချေးကိုလည်း မြေသြဇာအဖြစ် အသုံးပြုလို့ရတဲ့အတွက် စီးပွါးရေးကိုလည်း အထောက်အကူပြုပါတယ်။ 

အပိုင်း (၂) 

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ လူမနေသေးတဲ့တိုက်ခန်းတွေမှာရှိနေတဲ့ လင်းနို့တွေဟာ အင်းဆက်စားလင်းနို့ပါ။ ဒီလင်းနို့တွေဟာ ယခင်က ရွှေတိဂုံဘုရား စောင်းတန်း မျက်နှာကြက်တွေမှာနေတဲ့ လင်းနို့တွေဖြစ်နိုင်ပြီး ဘုရားစောင်းတန်းတွေ ပြုပြင်မွမ်းမံမှုတွေကြောင့် အခုလို လူမနေတဲ့ အခြားနေရာတွေကို ပြောင်းရွှေ့လာခြင်း ဖြစ်နိုင်ပါတယ်။ 

ဒီလင်းနို့တွေဟာ အုပ်စုတစ်ခုမှာအကောင်ရေ သိန်းသန်းချီပြီး နေလေ့ရှိပါတယ်။ ဒီလင်းနို့ အုပ်စုမျိုး ကျွန်မတို့မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာရှိပါတယ်။ ကျွန်မ ပြောချင်တာက လင်းနို့တွေ သူတို့ဖာသာရှိနေခြင်းက လူတွေကို မထိခိုက်ပါဘူး။ ကျွန်မဆိုရင် လင်းနို့တွေကို ကိုယ်တိုင် ကိုင်တွယ်ပြီး သုတေသနလုပ်နေတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ အခုအချိန်ထိ ဒါတွေကိုကိုင်တွယ်လို့ဆိုပြီး မည်သည့်ရောဂါမှ မဖြစ်ဖူးပါဘူး။ လင်းနို့မှာ ပြင်ပနဲ့ အတွင်းကပ်ပါးပိုးတွေရှိပေမယ့် စနစ်တကျကိုင်တွယ်လျှင် ရောဂါမဖြစ်ပါ။

ဒီလင်းနို့အမျိုးအစားတွေက အကောင်ရေ အများကြီး စုနေတဲ့အတွက် သူတို့ရဲ့ ချေးတွေကို မြေသြဇာပြုလုပ်ဖို့ ကန်ထရိုက်ပေးပြီး ရောင်းစားကြပါတယ်။ ဘားအံ၊ ဘားကမ့်ဂူမှာရှိတဲ့ လင်းနို့တွေကလည်း ဒီအမျိုးအစားတွေပါဘဲ။ ဘားကမ့်ရွာသားတွေက လင်းနို့ချေးကို ကန်ထရိုက်ယူပြီး တဆင့်ပြန်ရောင်းစားရတာပါ။

အမေရိကန်နိုင်ငံ Smithsonian Institute ကကြေညာတဲ့ ကိုရိုနာဗိုင်းရပ်အသစ်တွေ့တယ်ဆိုတာ အဲဒီဂူကပါ။ ကျွန်မက အဲဒီ Smithsonian Institute နဲ့ Predict- Myanmar အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘားအံမှာရှိတဲ့ လင်းနို့ဂူတွေကို ၂၀၁၆ ခုနှစ်က သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့လေ့လာတာကလည်း လင်းနို့ချေးတွေကို နမူနာကောက်ယူပြီး သူ့မှာပါဝင်တဲ့ ဗိုင်းရပ်စ်တွေကိုလေ့လာတာပါ။

ကျွန်မတို့ အဲဒီကိုမသွားခင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ဝတ်စုံ (PPE) ဝတ်ဖို့ ရန်ကုန်မှာအရင်ကျွန်မတို့ကို သင်တန်းပေးပါတယ်။ ဂူကို ဝင်တော့လည်း အဲဒီဝတ်စုံနဲ့ ဝင်ရပါတယ်။ အရင်က ကျွန်မ ဘယ်ဂူကိုသွားသွား PPE မဝတ်ခဲ့ပါဘူး။ ဟိုရောက်တော့ ဘားကမ့်ရွာက လင်းနို့ချေး ကန်ထရိုက်ကို ခေါ်ပြီး ဂူထဲကိုဝင်တော့ ကျွန်မတို့ကို ဂူထဲလိုက်ပြပေးတဲ့ အမျိုးသမီးက က ကျမတို့လိုဝတ်စုံဝတ်မထားပါဘူး။ အဲဒါနဲ့ နိုင်ငံခြားသားက အဲဒီအမျိုးသမီးမှာ ဘာရောဂါရှိလဲ မေးပါတယ်။ သူ့မှာလည်း ဘာရောဂါမှမရှိပါ။ လင်းနို့ချေးကိုတောင် လက်ဗလာနဲ့ကျုံးတာပါ။ နိုင်ငံခြားသားလည်း အံ့သြပြီး ရွာကလူတွေကိုလည်း ဘာရောဂါဖြစ်လဲမေး။ အိမ်မွေးတိရစ္ဆာန်တွေသေတာရှိလားမေးပါတယ်။ ဘယ်သူမှ ရောဂါမရှိ။ တိရစ္ဆာန် သေတာလည်းမတွေ့ရတော့ သူတို့အံ့သြသွားပါတယ်။ 

ကျွန်မဆိုလိုတာက လင်းနို့တွေရှိနေရုံနဲ့ လူတွေကို မထိခိုက်နိုင်ပါဘူး။ သူတို့ကလည်း လူတွေမရှိတဲ့နေရာတွေမှာ နေတာပါ။ အခုမြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်အသစ်တွေ့ပေမယ့် ရောဂါဖြစ်တယ်ဆိုတာ မတွေ့ရသေးပါဘူး။ ဒါကြောင့် အရမ်းမစိုးရိမ်ဘဲ လင်းနို့နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ရောဂါမဖြစ်အောင် အကာအကွယ်ယူပြီး လုပ်ကိုင်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဒီဘားကမ့်ဂူထဲက လင်းနို့တွေ ညနေအစာရှာထွက်ချိန်ဆိုရင် ဂူဘေးမှာ နိုင်ငံခြားသားတွေ လင်းနို့ထွက်တာကို လာကြည့်ကြပါတယ်။ ဒါကြောင့် Tourist attraction တစ်ခုလည်းဖြစ်ပြီး ကိုယ့်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေလည်း တိုးစေပါတယ်။ အခုနှစ် ကျွန်မတို့ဌာနမှာ လင်းနို့ချေးထဲက ကပ်ပါးပိုးတွေကို လေ့လာနေတဲ့ MSc ကျောင်းသူ၂ ယောက်လည်းရှိပါတယ်။ အခုချိန်မှာ ရောဂါတွေကဖြစ်နေတော့ သူတို့လည်း လက်အိတ်တို့ Mask တို့ဝတ်ဆင်ပြီး လင်းနို့ချေးကို ကိုင်တွယ် သုတေသနပြုလုပ်နေပါတယ်။ 

လင်းဆွဲတွေဆိုရင် လူနေအိမ်ဝင်းတွေထဲရှိတဲ့ အပင်တွေမှာ နေပါတယ်။ ကျွန်မ PhD သုတေသနလုပ်တဲ့ လင်းဆွဲတွေဟာ ဘုန်းကြီးကျောင်းဝန်းထဲက အပင်ကြီးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်လောက်ကတည်းက နေတာပါ။ အဲဒီကျောင်းဝန်းထဲကလူတွေကို ဘာမှ ထိခိုက်မှုမရှိပါဘူး။ ဒါကြောင့် စိုးရိမ်လွန်ပြီး လင်းနို့တွေကို သုတ်သင်ရှင်းလင်းလိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ သက်ရှိအရင်းအမြစ်တွေ ဆုံးရှုံးရပြီး ဂေဟစနစ်ကြီးပျက်စီးပြီး လူတွေဒုက္ခရောက်ပါလိမ့်မယ်။

ဒါကြောင့်လင်းနို့တွေကိုတွေ့တာနဲ့ အရမ်းထိတ်လန့်ဖို့ မလိုပါဘူး။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူပြုသော၊ တောင်သူလယ်သမားများရဲ့ စီးပွါးရေးကို အထောက်အပံ့ပြုနေသော၊ လူသားတွေရဲ့ ကျန်းမာရေးအတွက် အရေးပါသော လင်းနို့တွေကို ဆက်လက်ထားရှိသင့်တယ်လို့ ယူဆပါတယ်။

အခုတရုတ်နိုင်ငံက စတင်ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ရောဂါဟာ ဘယ်လို အကြောင်းတွေကြောင့်ဖြစ်ရတယ်ဆိုတာ လူတိုင်း သိပြီးဖြစ်ပါတယ်။  ဒါကြောင့် လူသားတွေကို အကျိုးပြုတဲ့ လင်းနို့တွေကို မဖျက်ဆီးဖို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားမှုဖြင့်-

ဒေါက်တာမိုးမိုးအောင်

တွဲဖက်ပါမောက္ခ

သတ္တဗေဒဌာန

မန္တလေးတက္ကသိုလ်။

(ဒေါက်တာမိုးမိုးအောင်၏ ခွင့်ပြုချက်ဖြင့်ဤဆောင်းပါးကို ဖော်ပြခြင်းဖြစ်ပါသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013