DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးနှုန်းမြင့်တက်လာနေဟု ကျန်းမာရေးဝန်ကြီးပြော
DVB
·
March 4, 2020
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးနှုန်းမြင့်တက်လာနေဟု ကျန်းမာရေးဝန်ကြီးပြော
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် သေဆုံးနှုန်းတဖြည်းဖြည်းမြင့်တက်လာနေပြီး ရောဂါအကြောင်း သေသေချာချာမသိရသေးတာကြောင့် လမ်းပြမြေပုံမရှိတဲ့နေရာကို ခရီးသွား နေရတာနဲ့ တူတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ပြောပါတယ်။

မနေ့ကလုပ်တဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အစည်းအဝေးမှာ ဗဟိုကော်မတီပူးတွဲဥက္ကဋ္ဌ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောခဲ့တာပါ။

COVID-19 ရောဂါဖြစ်ပွားတဲ့အခြေအနေဟာ အချိန်နဲ့အမျှဖြစ်ပေါ်ပြောင်းလဲတဲ့အခြေအနေ (evolving situation) ဖြစ်ပြီး သေဆုံးမှုနှုန်းဟာလည်း တဖြည်းဖြည်း မြင့်တက်လာတာကြောင့် အခုအခါ ၃ ဒသမ ၆ ရာခိုင်နှုန်း (လူ ၁၀၀၀ မှာ ၃၆ ယောက်)လောက်ရှိတယ်လို့ ပြောပါတယ်။

လမ်းပြမြေပုံ မရှိတဲ့နယ်မြေ (Uncharted territory) ကို ခရီးသွားနေရတာနဲ့တူပြီး ကူးစက်ပျံနှံ့ပုံ အပါအဝင် ရောဂါရဲ့သဘောသဘာဝဖြစ်စဉ် (Natural history) ကို အခုအချိန်ထိ တိတိကျကျ ပြည့်ပြည့်စုံစုံ မသိရသေးဘူးလို့လည်း ပြောပါတယ်။

ဒီကာလမှာ လူစုလူဝေးနဲ့လုပ်ရမယ့် ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေကို တတ်နိုင်သမျှ မလုပ်သင့်ဘူးလို့ ဝန်ကြီးက ထပ်ပြီး သတိပေးခဲ့သလို မဖြစ်မနေလုပ်ရမယ်ဆိုရင်လည်း တက်ရောက်မယ့် လူဦးရေကို သိသိသာသာလျှော့ချတာ၊ ဖျားနာသူနဲ့ နှာစေးချောင်းဆိုးသူတွေ လုံးဝ မလာရောက်စေဖို့၊ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်တာတွေကို တိတိကျကျလိုက်နာပြီး ဆောင်ရွက် စေလိုတယ်လို့ ပြောပါတယ်။

ပြီးတော့ ပွဲလမ်းသဘင်အခမ်းအနား တခုချင်းစီအလိုက် ဘက်စုံခြုံငုံသုံးသပ်ပြီး စဉ်းစား ဆုံးဖြတ်ဖို့ လိုမှာဖြစ်ပြီး ဝန်ကြီးဌာနကနေ တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဗဟိုအဆင့်နေ့စဉ် ညှိနှိုင်းအစည်းအဝေးတွေ လုပ်နေပြီး အစည်းအဝေးတွေမှာ ပြောဆိုခဲ့တဲ့ လမ်းညွှန်ချက် စုစုပေါင်း ၅၈၉ ချက်ကို စုစည်းကာ ဗဟို ကော်မတီဝင်တွေကို ဖြန့်ဖြူးပေးထားတာကြောင့် လူမှုရေးဝန်ကြီးတွေအနေနဲ  သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို ရောက်တဲ့အခါ တိုင်းနဲ့ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနတွေမှာ အဲဒီအချက်တွေအပေါ်ဆောင်ရွက်ထားတဲ့ အတိုင်းအတာကို ဆန်းစစ် သုံးသပ်စေလိုတယ်လို့ ဝန်ကြီးက ပြောပါတယ်။

နောက်ဆုံးသိရတဲ့ အချက်အလက်တွေအရ ရောဂါကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မပြင်းထန်တဲ့ သာမာန်လက္ခဏာတွေပဲရှိတဲ့ရောဂါ (mild disease)၊ လူနာတွေရဲ့ ၁၄ ရာခိုင်နှုန်းဟာ ပြင်းထန်တဲ့လက္ခဏာရှိတဲ့ရောဂါ (severe disease)နဲ့ ၆ ရာခိုင်နှုန်းလောက်က အသက်သေတဲ့အထိ ပြင်းထန်တဲ့ရောဂါ (critically ill) ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရောဂါကူးစက်ဖြစ်ပွားခံရသူတယောက်ကနေ နောက်ထပ် ၂ ယောက်ကနေ ၄ ယောက်လောက်ကို ကူးစက်နိုင်တာကြောင့် ကူးစက်တာက အင်မတန်မြန်တဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါဟာ တရုတ်-မြန်မာနယ်စပ်ကနေ ဝင်ရောက် လာနိုင်ချေ နည်းပါးတယ်လို့ ထင်မြင်ယူဆပြီး လေကြောင်းကနေ ပိုပြီး ဝင်ရောက်လာနိုင်တယ် လို့လည်း ပြောပါတယ်။

အစည်းအဝေးတွေလုပ်တဲ့အခါ လေဝင်လေထွက် ကောင်းစေဖို့ အလုံပိတ်အခန်းတွေမှာ မလုပ်ဘဲ တံခါးတွေ၊ ပြတင်းပေါက်တွေကို တတ်နိုင်သမျှ ဖွင့်ထားကြဖို့လည်း တိုက်တွန်းပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ ရောဂါကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာလုပ်တဲ့ ကာလတိုသင်တန်းတွေ၊ အစည်းအဝေးတွေကို သင်တန်းသားနဲ့ကိုယ်စားလှယ်တွေ မစေလွှတ်တော့ဘူးလို့ လည်း အကြံပြုခဲ့ပါတယ်။

ဗဟိုကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က လည်း ဖေဖော်ဝါရီ ၁၉ ရက်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာလုပ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ လိုအပ်တာထက်ပိုပြီး ထိန်းချုပ်ကန့်သတ်တွေ မလုပ်ဘဲ တရုတ်နိုင်ငံနဲ့ တစည်းတလုံးတည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းခဲ့ တယ်လို့ ပြောပါတယ်။

ပြည်သူတွေအကြား ထိတွေ့ဆက်ဆံတာ၊ ကုန်သွယ်တာနဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ပြီး နှစ်ဖက်ပြည်သူတွေရဲ့ လူမှုစီးပွားရေး ထိခိုက်တာကို လျှော့ချရေး စတာတွေကို သဘောတူခဲ့တယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီအစည်းအဝေးမှာလည်း နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတို့အပေါ် ကြီးကြီးမားမား မထိခိုက်စေရေး ရှုထောင့်၊ နှစ်နိုင်ငံချင်း ဆက်ဆံရေး ရှုထောင့်တို့က ဟန်ချက်ညီညီ ညှိနှိုင်းတိုင်ပင်ပြီး လုပ်သင့် လုပ်ထိုက် တာတွေကို ညှိနှိုင်းသွားကြဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးဟာ ပထမဦးစားပေး ဖြစ်ပြီး ပြည်သူတွေရဲ့ သဘောထားကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးကို ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဒု ဝန်ကြီးတွေ၊ ပြည်နယ်၃ ခုနဲ့ တိုင်း ၃ ခုတို့က  အစိုးရအဖွဲ့ဝန်ကြီးတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အမြဲတမ်း အတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013