DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကဆန္ဒမရှိသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အရာမထင်နိုင်ဟု တိုင်းရင်းသားပါတီများသုံးသပ်
DVB
·
February 28, 2020
တပ်မတော်ကဆန္ဒမရှိသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အရာမထင်နိုင်ဟု တိုင်းရင်းသားပါတီများသုံးသပ်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့အတွက် တပ်မတော်က နိုင်ငံရေးဆန္ဒမရှိတာကြောင့် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှု အရာမထင်နိုင်ဘူးလို့ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး  ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အကြိတ်အနယ် ဆွေးနွေးနေကြတာဟာ ဒီနေ့ဆိုရင် ၄ ရက်မြောက်ရှိနေပြီ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေအတွင်း တပ်မတော်၊ ကြံ့ခိုင်ရေးပါတီနဲ့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား အပြင်းအထန်ဝေဖန်တိုက်ခိုက်မှုတွေ။ အော်ဟစ် ကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင်ရှိနေပြီး လွှတ်တော်နာယက ကလည်း ကိုယ်စားလှယ်တွေကို အကြိမ်ကြိမ်သတိပေး နေရပါတယ်။

ဒီအခြေအနေတွေကို ကြည့်လိုက်ရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်က နိုင်ငံရေးဆန္ဒ မရှိတာကို အထင်အရှား မြင်တွေ့နိုင်မှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့  ဦးမြအေးကပြောပါတယ်။

ဒါကြောင့် လွှတ်တော်တွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဘာမှဖြစ်လာမှာမဟုတ်ဘဲ ဘက်အသီးသီးရဲ့ သဘောထားအမှန်တွေကို မြင်တွေ့ရနိုင်တာလောက်သာရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ စိုင်းညွှန့်လွင်က သုံးသပ်ပြောပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆုံးဖြတ်ခွင့်ရှိတဲ့ ခေါင်းဆောင်တွေ အချင်းချင်း ညှိနှိုင်းမှုတွေ ပြုလုပ်ရမယ်လို့  ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်ဖို့ ကြိုးပမ်းတာဟာ အလုပ်ဖြစ်မှာ မဟုတ်တဲ့အတွက်ကြောင့် ၂၁ ရာစု ပင်လုံ ညီလာခံကနေ လုပ်ဆောင်သင့်တယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ  နိုင်ဟံသာကလည်း ဖေဖော်ဝါရီ ၂၇ ရက်က မော်လမြိုင်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲအပြီး သတင်းမီဒီယာတွေကိုပြောပါတယ်။

ဒါအပြင် အန်အယ်လ်ဒီအစိုးရအနေနဲ့ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အစိုးရသက်တမ်းကုန်ခန်းနီးမှ ပြင်ဆင်ဖို့ ကြိုးပမ်းတာဟာ ရွေးကောက်ပွဲအတွက် စည်းရုံရေးသဘောလားလို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌက  မေးခွန်းထုတ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အန်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်ကို နိုင်ငံရေး လမ်းကြောင်းက ညှိနှိုင်းတာမလုပ်ဘဲ ပြင်ဆင်ဖို့ ကြိုးပမ်းတာဟာ ကောင်းမွန်တဲ့ ရလဒ် ထွက်လာမှာ မဟုတ်ဘူးလို့ မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ ကပြောပါတယ်။

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က တော့ တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမယ်လို့  အပြုသဘောနဲ့ မြင်တယ်လို့ လွှတ်တော်မှာ မဆွေးနွေးခင်က ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း ဥပဒေဟာပြင်ဆင်ဖို့ မဖြစ်နိုင်တာကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အခြေခံဥပဒေအသစ်ရေးဆွဲသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်အတွင်း ကိုယ်စားလှယ် ၆၃ ဦးဆွေးနွေးခဲ့ပြီး ကန့်ကွက်မှုတွေ ၁၀ ကြိမ်ထက် မနည်း ရှိခဲ့ပါတယ်။ 

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ၁၀ရက်အတွင်းအပြီးဆွေးနွေးဆုံးဖြတ်သွားမယ်လို့ ပြောဆိုထားပါတယ်။ 

သတင်း- ထက်ဝေအောင်/ ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013