
ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ Peace Event 2020 ကို စစ်ကိုင်းတက္ကသိုလ်မှာ ဖေဖော်ဝါရီ ၂၇ ရက်မနက်က ကျောင်းသား/ကျောင်းသူ ပေါင်း ၁၀၀၀၀ လောက်နဲ့ ကျင်းပ ပါတယ်။
စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဆရာတော် ဒေါက်တာအရှင်သောဘိတရဲ့ လမ်းညွန်မှုနဲ့အတူ စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ စစ်ကိုင်းတက္ကသိုလ်ဆရာများသမဂ္ဂ၊ ကျောင်းသားများသမဂ္ဂနဲ့ IBEC Global Youth Organization တို့ ပူးပေါင်း စီစဉ်မှုနဲ့ ကျင်းပတာပါ။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ငြိမ်းချမ်းရေးမရှိတဲ့အတွက် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရာမှာ နှောင့်နှေးမှု ဖြစ်ပေါ်စေပြီး အပြစ်မဲ့တဲ့ပြည်သူတွေ အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒါကြောင့် ပြည်တွင်း လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ခေတ်အဆက်ဆက် အစိုးရတွေက နည်းမျိုးစုံနဲ့ ကြိုးစား ဆောင်ရွက်ခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ခိုင်မာရေး ပြည်တွင်းလက်နက်ကိုင်ချုပ်ငြိမ်းရေးတွေကို အစဉ်တစိုက်ကြိုးစား လုပ်နေပါတယ်။ အခုလို ကျောင်းသားနဲ့ ပြည်သူလက်တွဲပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြတဲ့ စစ်ကိုင်းတက္ကသိုလ်က ကျောင်းသား/သူတွေနဲ့ ဆရာ/မတွေ ပြည်သူတွေကို အထူးကျေးဇူးတင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆက်လက်လက်တွဲပါဝင်ပေးကြပါ”လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
Peace Event -2020 အခမ်းအနားကို ငြိမ်းချမ်းရေးဆီးမီးတိုင်ထွန်းညှိပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် လမ်းလျှောက်ချီတက်ကာ ငြိမ်းချမ်းရေးချိုးဖြူငှက်တွေ လွှတ်ခဲ့ကြပါတယ်။
ဆရာတော်ဒေါက်တာအရှင်သောဘိတက “ဒီပွဲဖြစ်ဖို့ရာအတွက် ဘုန်းဘုန်းအနေနဲ့ ကမ္ဘာငြိမ်းချမ်းရေးသံတမန်ဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့အခါကျတော့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေကလည်း ဘုန်းဘုန်းတို့ အပေါ်လေးစားတန်းဖိုးထားတယ်လေ။ ပြီးတော့ အပြန်အလှန် တန်ဖိုးထား နားလည်မှုတွေ အပြန်အလှန် လေးစားထိုက်တဲ့ တန်ဖိုးတွေကို ဒီစစ်ကိုင်းတက္ကသိုလ်ကစတင်ပြီးတော့ တည်ဆောက်ပေးတာပါ။”လို့ မိန့်ကြားပါတယ်။
စစ်ကိုင်းတက္ကသိုလ်မှာ Peace Event -2020 လမ်းလျှောက်ပွဲကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ ဝန်ကြီးတွေ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ တိုင်းဒေသကြီး ခရိုင်နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စစ်ကိုင်းမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကိုင်းတက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တခန်းရပ်ပြဇာတ်တွေ တေးသီချင်းတွေနဲ့ ဖျော်ဖြေကာ ကျောင်းသားနဲ့ပြည်တူ လက်တွဲ ငြိမ်းချမ်းရေးအောင်ပွဲလို့ သံပြိုင် ကြွေးကြော်ခဲ့ကြပါတယ်။
ဒီငြိမ်းချမ်းရေးလမ်းလျှောက်ပွဲဟာ စစ်ကိုင်းတိုင်းမှာ ပထမဦးကျင်းပတဲ့ပွဲဖြစ်သလို ကျောင်းသားနဲ့ပြည်သူ လက်တွဲကျင်းပတဲ့ ပထမဆုံးလမ်းလျှောက်ပွဲလည်းဖြစ်ပါတယ်။











