ဖြူးမြို့၌ သိမ်းဆည်းခံတောင်သူများ ဆန္ဒပြ
DVB
·
February 24, 2020
ပဲခူးတိုင်း၊ ဖြူးမြို့မှာ သိမ်းဆည်းမြေ ပြန်လည်ရရှိရေးအတွက် တောင်သူလယ်သမား ၂၅ ဦးလောက် ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းက ချင်းခင်ကျေးရွာလမ်းထိပ်မှစတင်ကာ မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
သိမ်းဆည်းခံခဲ့ရတဲ့ မိမိတို့လယ်ယာမြေတွေအား အခြားသူတွေကို လုပ်ပိုင်ခွင့်ချပေးထားတဲ့ အတွက် ကျေနပ်မှုမရှိတာကြောင့် အခုလို ဆန္ဒဖော်ထုတ်ရတာလို့ တောင်သူ ဦးကျော်စိုးရက ပြောပါတယ်။
"ကျနော်တို့ ဓားမဦးချ လယ်သမားတွေက တော်တော်နစ်နာခဲ့ပါတယ်။ ကျနော်တို့က တယောက်ကို လေးငါးဧကပဲရှိတာ။ ဒါတွေကိုပြန်လည်စိစစ်ပေးပါ။ ကျနော်တို့ဘက်ကလည်း အထောက်အထား ခိုင်ခိုင်လုံလုံပေးပါမယ်။ ကျနော်တို့ကိုတော့ မစစ်ဆေးဘူး၊ လယ်ယာမြေကိုလည်း ကွင်းဆင်းပြီးစစ်မယ်ဆိုပြီး လုပ်မပေးဘူး၊ အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရတာ။”
အဆိုပါလယ်ယာမြေများကို ၁၉၉၅၊ ၁၉၉၆ နှစ်ခန့်က မူလဓားမဦးချတောင်သူတွေထံကနေ အမှတ် (၃၀၇) ခြေမြန်တပ်ရင်းက သိမ်းယူခဲ့တာဖြစ်ပြီး မြေဧက ၁၈၇ ဧကကျော်ကို တပ်က ပြန်လည်စွန့်လွှတ်ရာမှာ မူလတောင်သူတွေက မရရှိဘဲ သိမ်းဆည်းထားစဉ်က သီးစားခနဲ့ လုပ်ကိုင်ခဲ့တဲ့ တောင်သူတွေကိုသာ ပေးအပ်ခဲ့တာကြောင့် မူလတောင်သူတွေ နစ်နာနေရတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေက မူလဓါးဦးချလယ်သမားများထံ လုပ်ကိုင်ခွင့်ပေးရေး၊ သီးစားသမားများ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ ဗွီနိုင်းပိုစတာတွေကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)