DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းရေးဆွဲနေ
DVB
·
February 24, 2020
နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းရေးဆွဲနေ
Donate to DVB

အစိုးရဝန်ထမ်းတွေအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းကို ရေးဆွဲနေတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။

အစိုးရ၀န်ထမ်းတွေ အငြိမ်းစားယူတဲ့အခါ သို့မဟုတ် နုတ်ထွက်တဲ့အခါ စုဆောင်းငွေ တရပ်ရဖို့(Central Provident Fund) ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ ဖေဖော်ဝါရီ ၂၄ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကယားပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)က ဦးစိုးသိန်းက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “ဒီနေရာမှာ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး နည်းလမ်းတကျနဲ့ ရန်ပုံငွေတိုးပွားရေး၊ ဆုံးရှုံးနိုင်ခြေမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရေး၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစွမ်းရည်နဲ့ ရွေးချယ်ရင်းနှီးမြှုပ်နှံရေး၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ ယုံကြည်မှုရရှိရေး စသည်တို့ ပြည့်စုံအောင် ပါဝင်စေဖို့ ဥပဒေကြမ်းကို ပြုစုနေပါတယ် ” လို့ ဆိုပါတယ်။

ပင်စင်စရိတ်အတွက် နိုင်ငံတော်ဘတ်ဂျက်ကနေ တိုက်ရိုက်ကျခံသုံးစွဲနေရတာ သက်သာစေဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပင်စင်ရန်ပုံငွေစနစ် ဖြစ်ပေါ်လာစေဖို့ ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ရန်ပုံငွေကို အခြေခံပြီး ခံစားခွင့်ပြုတဲ့စနစ်ကို ပြောင်းလဲနိုင်ရေး အစိုးရအနေနဲ့ စဉ်းစားသုံးသပ်နေတယ်လို့ ဆိုပါတယ်။

အဓိကအားဖြင့် ဝန်ထမ်းအတွက် အငြိမ်းစားယူပြီးနောက်ပိုင်းမှာ လုံလောက်တဲ့ နေထိုင်စားသောက်စရိတ် ရရှိနိုင်ရေးကို ရည်ရွယ်တယ်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“ဗဟိုရန်ပုံငွေစနစ်ကို အကောင်အထည်ဖော်မယ့်ပုံစံမှာ လစဉ်ထည့်ဝင်ကြေးကို ဝန်ထမ်းနဲ့ အစိုးရက အချိုးတူထည့်ဝင်တဲ့ စနစ်ကိုကျင့်သုံးဖို့ ရည်ရွယ်ထားပြီး ဝန်ထမ်းပင်စင်ယူတဲ့အချိန်မှာ လက်ရှိအကျိုးခံစားခွင့်ထက် ပိုမိုတဲ့ ခံစားခွင့်တွေ ရရှိနိုင်ရေး၊ ငွေကြေးဖောင်းပွမှုဒဏ်ကို မခံရရေး၊ တလုံးတခဲတည်း ခံစားလိုတဲ့ပမာဏ၊ လစဉ်ခံစားလိုတဲ့ ပမာဏရွေးချယ်နိုင်ခွင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် စသည်တို့ကို ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါတယ်”

လက်ရှိခံစားနေတဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေအနေနဲ့ လက်ရှိစနစ်အတိုင်း ဆက်လက်ခံစားနိုင်မှာဖြစ်ပြီး ဥပဒေစတင်ချိန်မှာလည်း နိုင်ငံ့ဝန်ထမ်းတွေအတွက်ပဲ စတင်ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။

“ဒီလို စီစဉ်ဆောင်ရွက်တာမှာ လက်ရှိခံစားနေတဲ့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအနေနဲ့ လက်ရှိစနစ်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ခံစားနိုင်မှာ ဖြစ်ပါတယ်။ နောင်အချိန်ပြဋ္ဌာန်းမယ့် ဥပဒေနဲ့ အကျုံးဝင်တဲ့ အသစ်ဝင်ရောက်မယ့် ဝန်ထမ်းတွေ၊ လုပ်သက်မများသေးတဲ့ ဝန်ထမ်းတွေ(ဥပမာ လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေ)ကိုသာ ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါအပြင် စတင်ချိန်ကာလမှာလည်း နိုင်ငံ့ဝန်ထမ်းတွေအတွက်ပဲ စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ” လို့ ဒုဝန်ကြီးက ပြောပါတယ်။

ပင်စင်စားအင်အားမှာ နှစ်စဉ် တိုးတက်နေတဲ့အပြင် ပင်စင်စားတွေရဲ့ မျှော်မှန်းသက်တမ်းမှာလည်း တိုးမြင့်လာတဲ့အတွက် ပင်စင်လစာနဲ့ ဆုကြေးအသုံးစရိတ်ကို တနှစ်ထက်တနှစ် ပိုမိုသုံးစွဲလာရတယ်လို့လည်း ဆိုပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ပင်စင်လစာနဲ့ ဆုကြေးအသုံးစရိတ်မှာ ကျပ် ၁၁၁၆ ဒသမ ၀၈၄ ဘီလီယံဖြစ်ပြီး GDP ရဲ့ ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ နိုင်ငံတော်ရငွေစုစုပေါင်းရဲ့ ၄ ဒသမ ၈၉ ရာခိုင်နှုန်းနဲ့ နိုင်ငံတော်အသုံးစရိတ် စုစုပေါင်းရဲ့ ၄ ဒသမ ၀၄ ရာခိုင်နှုန်း ခန့်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013