Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုရှိရန်လိုဟု ကရင်ပြည်နယ်ခရီးစဉ်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
February 24, 2020
Daw Aung San Sui Kyi at KawtKayeik meeting 3
Daw Aung San Sui Kyi at KawtKayeik meeting 2
Daw Aung San Sui Kyi at KawtKayeik meeting 02
Daw Aung San Sui Kyi at KawtKayeik meeting 1
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် ငြိမ်းချမ်းနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ပထမလိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ရောက်ရှိလာပြီး ကရင်နှစ်သစ်ကူးကွင်းမှာ ဒေသခံပြည်သူ ၂၀၀၀၀ လောက်နဲ့ တွေ့ဆုံပြီး ပြောကြားလိုက်တာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေးဆိုတာ ကိုယ့်စိတ်ထဲက စတာပါ။ မငြိမ်းချမ်းတဲ့နေရာ မငြိမ်းချမ်းချင်တဲ့ပုဂ္ဂိုလ်တွေ စိတ်ထဲက စတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ကျမတို့မှာ ငြိမ်းချမ်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ပထမ လိုတယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်ဟာ နှစ်ပေါင်းများစွာ စစ်​ဘေးစစ်ဒဏ်ကို ခံစားလာခဲ့ရတဲ့အတွက် ငြိမ်းချမ်းရေးပဲ အဓိကလိုချင်တယ်လို့ တက်ရောက်လာတဲ့ ဒေသခံတဦးက ပြောပါတယ်။ ကော့ကရိတ်မြို့နယ်၊ လောင်ကိုင်ကျေးရွာ မနန်းလှလှသန်းက “ကျမတို့ငယ်ငယ်ကဆိုရင် စစ်ဘေးစစ်ဒဏ်ကို အရမ်းခံစားရတယ်။ ကျောင်းနေတဲ့ အရွယ်တုန်းကလည်း သေနတ်သံ ဗုံးဒဏ်တွေနဲ့ နေခဲ့ရတယ်။ အဓိက အရမ်းလိုချင်တာက ငြိမ်းချမ်းရေးပဲ”လို့ ပြောပါတယ်။ တွေ့ဆုံပွဲအခမ်းအနားကို ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်အတွင်းက ကရင်၊ ပအိုးဝ် မွန်၊ ရှမ်းစတဲ့ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ် မြဝတီမြို့၊ နေ့လယ်ပိုင်းမှာ လှိုင်းဘွဲ့မြို့တွေက ဒေသခံပြည်သူတွေနဲ့ ဆက်လက်တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အစိုးရသက်တမ်း တနှစ်ကျော်ကာလသာ ကျန်ရှိချိန်မှာ တိုင်းရင်းသားဒေသတွေကို ဆက်တိုက် ခရီးစဉ်တွေ သွားရောက်ပြီး ဒေသခံ လူထုတွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။  ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024