DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေ သုံးစွဲမှု ပြန်စိစစ်မည်
DVB
·
February 23, 2020
မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေ သုံးစွဲမှု ပြန်စိစစ်မည်
Donate to DVB

မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘာဝဘေးရန်ပုံငွေ သုံးစွဲမှုတွေကို ပြန်လည် စိစစ်သွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။ 

မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လဆန်းပိုင်းမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး လမ်း၊ တံတား၊ နေအိမ် အဆောက်အဦများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

အခုအခါမှာတော့ အစိုးရအဖွဲ့ဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပြည်နယ် ရန်ပုံငွေအပြင် သဘာဝဘေးမှာ နိုင်ငံတဝန်းက လှူဒါန်းထားတဲ့ အလှူငွေ ကျပ်သန်းပေါင်း ၁၈၀၀ ကျော်နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။

ဒါကြောင့် ရန်ပုံငွေ သုံးစွဲဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

အခုလို အခြေအနေကြောင့် အစိုးရရဲ့ သဘာဝဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးစွဲခဲ့တဲ့ ရန်ပုံငွေတွေကို ပြန်လည်စိစစ်သွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးဇော်ဇော်ထူးက ပြောပါတယ်။

“အချက်အလက် တောင်းခွင့်ရှိတယ်။ သုံးထားတဲ့ ဘီလီယံ ၉ ထောင်ကျော်နဲ့ပတ်သက်ပြီး လူထုတွေအတွက် သုံးထားတဲ့ ငွေပမာဏကိုပဲ ဘယ်ဘတ်ဂျက်ခေါင်းစဉ်အောက်က သုံးထားလဲ၊ ဘယ်လိုတွေ သုံးတာလဲဆိုတာ ပြန်လည်စိစစ်ဖို့တော့ရှိတယ်။”

မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ သဘာဝဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထဲမှာ ပညာရေးကဏ္ဍမှာ အများဆုံး အသုံးပြုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မလတ်တောင် ပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံတွေကို ကျပ်သိန်း ၁၂၀ ဝန်းကျင်၊ အိမ်ရာ ၂၃ လုံးအတွက် ငွေကျပ် သိန်း ၉၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်ပေးထားတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။

“ပျက်စီးဆုံးရှုံးသွားတာတွေကို အစိုးရအနေနဲ့ ရရှိထားတဲ့ သဘာဝဘေးဒဏ် ရန်ပုံငွေထဲကနေ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးထားပါတယ်။ သိန်း ၁၂၀ လောက် ကုန်တယ်။ အဲဒီနေရာရောက်တဲ့အထိ ရေရယ်၊ လမ်းရယ်၊ မီးတွေကအစ အဆင်သင့် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးထားတာပါ။ သိန်း ၉ ထောင်ကျော် ပြန်သုံးထားပါတယ်။”

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကတော့ အစိုးရအနေနဲ့ သဘာဝဘေးမှာ ရရှိခဲ့တဲ့ အလှူငွေတွေနဲ့ သုံးစွဲဆောင်ရွက်မှုကို ပြည်သူတွေကို ပြန်လည်ချပြသင့်တယ်လို့ အကြုံပြုပါတယ်။

“အစိုးရအဖွဲ့က ကိုယ့်ရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့အနေအထားနဲ့ စီမံပေးတဲ့ ကိန်းဂဏန်းပမာဏ၊ တနည်းအားဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ ချက်ချင်း ဖြစ်သွားတဲ့ကိစ္စတွေမှာ သွားထောက်ပံ့တာတွေပေါ့။ အဲဒီကိန်းဂဏန်းတွေ အကုန်လုံး လူထုကို ပြန်ချပြသင့်တယ်လို့ ကျနော် ယူဆတယ်။”

ဒါ့အပြင် လွှတ်တော်အနေနဲ့ သဘာဝဘေးမှာ အစိုးရအဖွဲ့က သုံးစွဲ ဆောင်ရွက်ခဲ့တဲ့ ရန်ပုံငွေနဲ့ ကိန်းဂဏန်း အချက်အလက်တွေကို တောင်းဆိုခဲ့ပေမယ့် ယနေ့အချိန်အထိ ပို့ပေးလာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သဘာဝဘေးကြောင့် လူပေါင်း ၈၀ အထိ သေဆုံးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ်သန်း ၁၂၀၀၀ လောက် ဆုံးရှုံးခဲ့တာပါ။ 

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013