DVB Logo
Home
မြန်မာသတင်း
သဘာဝဘေး ရန်ပုံငွေအတွက် နှစ်စဉ် ကျပ်သန်း ၂ သောင်း ဖြည့်စွက်ပေးနေဟု ဒုသမ္မတ ပြော
DVB
·
October 5, 2019
သဘာဝဘေး ရန်ပုံငွေအတွက် နှစ်စဉ် ကျပ်သန်း ၂ သောင်း ဖြည့်စွက်ပေးနေဟု ဒုသမ္မတ ပြော
Donate to DVB

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေအတွက် နှစ်တိုင်း ကျပ် သန်းပေါင်း ၂ သောင်း ဖြည့်စွက်ပေးနေတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အထိမ်းအမှတ်နေ့၊ ၇ ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။

ရာသီဥတုပြောင်းလဲတာနဲ့ ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ မိမိတို့အတွက် အသစ်ဖြစ်လာတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တခုဖြစ်လာနေပြီလို့လည်း ဒု သမ္မတက ပြောပါတယ်။

အခုနှစ်အတွင်း တချို့နိုင်ငံတွေမှာ ရေကြီးတာနဲ့ မိုးခေါင်တာကို တပြိုင်တည်းခံစားကြရပြီး လေ့လာဆန်းစစ်ချက်တွေအရ အာဆီယံဒေသဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ မြေငလျင်ဒဏ်နဲ့ ဆူနာမီ၊ မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ရေကြီးတာကို အများဆုံး ခံစားခဲ့ကြရတယ်လို့ ပြောပါတယ်။

ထိခိုက်ဆုံးရှုံးမှုစာရင်းတွေအရ အာဆီယံဒေသဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ ဘေးအန္တရာယ်ပေါင်း ၁,၄၀၀ ကျော် ကြုံတွေ့ခံစားခဲ့ကြရပြီး ဒီထဲမှာ ရေကြီးတာက ၆ ရာခိုင်နှုန်းကျော်၊ လေပြင်းတိုက်ခတ်တာက ၁၈ ရာခိုင်နှုန်း၊ မုန်တိုင်းဒဏ် ၁၃ ရာခိုင်နှုန်းနဲ့ မြေပြိုဘေး ၁၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်က PODUL အပူပိုင်းမုန်တိုင်းကြောင့် လာအိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေး၊ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့တဲ့ရေဘေးနဲ့ မြေပြိုဘေး၊ ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေဆင်နှာမောင်း တိုက်ခတ်တာတွေ၊ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့မြေငလျင်နဲ့ ဆူနာမီ၊  တခြားဘေးတွေဟာ အာဆီယံဒေသအတွက် ဘေးအန္တရာယ်တွေရဲ့ ဗဟိုချက် ဖြစ်နေတာကို သက်သေပြနေတယ်လို့ ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲတာကြောင့် ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်ခန့်မှန်းဖို့ခက်သလို ထိန်းချုပ်ရှောင်လွှဲလို့လည်း မရနိုင်ဘူးလို့ ဒု သမ္မတက ပြောပါတယ်။ 

ရာသီဥတု ပြောင်းလဲတာနဲ့ ဘေးအန္တရာယ် မကြာခဏဖြစ်တာတွေဟာ အချင်းချင်း ဆက်စပ်နေလို့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေသအလိုက် ဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးတွေကို အရင်ကထက် ပိုပြီး ကြုံတွေ့လာရတယ်လို့လည်း ပြောပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ပေါင်းစပ် ဆောင်ရွက်ရာမှာ ဘဏ္ဍာငွေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်တွေ ရှိနေတာကြောင့် တခါတခါမှာ လုပ်ချင်တဲ့ဆန္ဒအတိုင်း လုပ်မရဖြစ်တတ်လို့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိတဲ့ အကြောင်းအချက်တွေကို ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ အလေးထား စဉ်းစား ဆောင်ရွက်နိုင်ရေး နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်နေချိန်မှာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး (Disaster Risk Reduction- DRR) လုပ်ငန်းတွေကို ကဏ္ဍအလိုက် ပေါင်းစပ် လုပ်ပေးနိုင်မယ်ဆိုရင် ဘေးသင့်ဒေသတွေဟာ ဘေးဒဏ်ခံနိုင်ရည် ရှိလာမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013