DVB Logo
Home
Lead Story
နော်ဒစ်ဒေးအကြောင်း နော်ဝေသံအမတ်ကြီးနှင့် မေးမြန်းချက်
DVB
·
February 21, 2020
နော်ဒစ်ဒေးအကြောင်း နော်ဝေသံအမတ်ကြီးနှင့် မေးမြန်းချက်
Donate to DVB

ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ 2020 Nordic Day ပွဲတော်နဲ့  နော်ဝေ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနို်ငငံ ဆိုင်ရာ နော်ဝေ သံအမတ်ကြီး မစ္စက် တိုနာတေးနတ်စ်ကို  ဒီဗွီဘီ သတင်းထောက် ရဲဝင့်သူက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး- မင်္ဂလာညနေခင်းပါ သံအမတ်ကြီးခင်ဗျာ။ ပထမဆုံးအနေနဲ့ နော်ဒစ်ဒေးဆိုတာ ဘာလဲဆိုတာ ပြောပြပေးပါလား။

ဖြေ - “ကျမတို့ ဒီမှာ နော်ဒစ်ဟောက်စ်ဆိုတာရှိတယ်၊ နော်ဒစ်နိုင်ငံ ၄ နိုင်ငံ အတူပူးပေါင်းလုပ်ထားတာ။ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံတွေပေါ့။  ကျမတို့ဟာ နော်ဒစ်နိုင်ငံတွေ ဖြစ်ကြပါတယ်။ ကျမတို့ အားလုံးပူးပေါင်းပြီး နှစ်စဉ်နှစ်တိုင်းပွဲတခုကျင်းပပါတယ်၊ အဲဒါ နော်ဒစ်ဒေးပါပဲ။ ဘာဖြစ်လို့ ဒီပွဲကျင်းပရတာလဲဆိုရင် ကျမတို့က မြန်မာပြည်သူတွေကို နော်ဒစ်နိုင်ငံရဲ့ တန်ဖိုးတွေ၊ ယဉ်ကျေးမှုတွေကို  ရှင်းပြချင်ပါတယ်။ နောက်ပြီး နော်ဒစ်နိုင်ငံတွေက မိသားစုအသိုက်အဝန်းကို မိတ်ဆက်ပေးချင်တယ်၊ အဲဒီအထဲမှာ နော်ဒစ်အန်ဂျီအိုတွေလည်းပါတယ်၊ နောက်ပြီး နော်ဒစ်ကုမ္ပဏီတွေ ကျမတို့နဲ့ အလုပ်အတူလုပ်နေတဲ့ မြောက်မြားလှစွာသော မိတ်ဆွေအပေါင်းအသင်းတွေလည်းပါတယ်၊ သူတို့ကို  မြန်မာပြည်သူတွေနဲ့ မိတ်ဆက်ပေးဖို့ မြန်မာတွေ အများအပြားကိုလည်းဖိတ်ခေါ်ပြီး ဒီပွဲမှာ ပါဝင်ဆင်နွှဲစေပါတယ်။”

မေး- မြန်မာနို်ငငံမှာရှိတဲ့ နော်ဒစ်ဟောက်စ်မှာ ပူးပေါင်းဆောင်ရွက်မှု ဘာတွေလုပ်ဆောင်နေပါသလဲ။

ဖြေ- “နိုင်ငံ ၄ နိုင်ငံဟာ  ဧရိယာတော်တော်များများ လုပ်ငန်းကဏ္ဍ  အတော်များများမှာ ပူးပေါင်းလုပ်ဆောင်နေတာရှိပါတယ်။ တခါတလေ  ကျမတို့ ကဏ္ဍတူလုပ်ငန်းတွေမှာ အတူတူလုပ်ကြတယ်။ တခါတလေ မတူညီတဲ့ ကဏ္ဍတွေမှာ လုပ်ကြတယ်။ ကျမကတော့ နော်ဝေသံရုံးကိုယ်စား ဖြေကြားပေးချင်ပါတယ်။” 

“နော်ဝေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး အချိန်အတော်ကြာဖြတ်သန်းမှုကို ပြန်ကြည့်ရင် ကျမတို့ ကဏ္ဍအတော်များများမှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ ကျမတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အချိန်အကြာကြီးလုပ်ခဲ့တယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်မှာလည်းပဲ ကျမတို့ မတူကွဲပြားတဲ့ နည်းလမ်းနဲ့လုပ်ခဲ့တယ်။ နောက်ပြီး သယံဇာတ အရင်းအမြစ်စီမံခန့်ခွဲမှု၊ ရေအားလျှပ်စစ်၊ သဘောဝပတ်ဝန်းကျင်နဲ့ ငါးဖမ်းလုပ်ငန်း စတာတွေနဲ့ပတ်သက်ပြီး ကျမတို့ရဲ့ အတွေ့အကြုံတွေ မြန်မာနဲ့ မျှဝေခဲ့တယ်။”

မေး- ၂၀၂၀ နော်ဒစ်ဒေးရဲ့ ခေါင်းစဉ်က “လူငယ်မဲဆန္ဒရှင်များအား စည်းရုံးဆော်သြပေးရေး” နော်၊ ဆိုတော့ အဲဒါ ဘယ်လောက် အရေးကြီးပါသလဲ။

  ဖြေ- “ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ အရမ်းကိုအရေးကြီးတယ်လို့ ကျမတို့ ထင်ပါတယ်။ ဒီနှစ်က မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကျင်းမယ့် နှစ်ဖြစ်တယ်လေ။ ပထမအကြိမ်မဲပေးကြမယ့် လူငယ်မဲဆန္ဒရှင်တွေ ပါဝင်နိုင်ဖို့က ဒီမိုကရေစီအတွက် သိပ်ကိုအရေးပါပါတယ်။ ဘာလို့လည်းဆိုတော့ ပထမအကြိမ် ပါဝင်မဲပေးတဲ့ မဲဆန္ဒရှင် တဦးဟာ နောက် ကျန်တဲ့ ဘဝတလျှောက်မှာ ပါဝင်မဲပေးတာတွေ့နိုင်တာကြောင့်ပါ။ ဒါကြောင့် အရေအတွက် ၄ ဒသမ ၈ သန်းလောက်ရှိတဲ့  မြန်မာပြည်က ပထမအကြိမ်မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို အဓိကပစ်မှတ်ထားပါ။ ဒါကြောင့် သူတို့အားလုံး မဲပေးကြဖို့ အားပေးပါတယ်။ သူတို့ရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို အသုံးပြုကြဖို့နဲ့ မဲပေးဖို့ အားပေးပါတယ်။”

မေး- သံအမတ်ကြီးသိတဲ့အတိုင်းပဲ တိုင်းရင်းသားဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။ အဲဒီ ပဋိပက္ခဒေသက လူငယ် မဲဆန္ဒရှင်တွေနဲ့ ပတ်သတ်လို့ သံအမတ်ကြီးရဲ့ စိုးရိမ်မှု သိချင်ပါတယ်။

ဖြေ- “မြန်မာပြည်မှာရှိတဲ့ ပြည်သူအားလုံး မဲပေးခွင့်ရစေချင်ပါတယ်။  မြန်မာနိုင်ငံ ဒေသအားလုံးမှာလည်း ငြိမ်းချမ်းစေဖို့ ကျမတို့ ကူညီချင်ပါတယ်။ ဒါမှ ပြည်သူအားလုံး မဲပေးနိုင်မှာပေါ့။  ပြီးတော့ ပထမဆုံးအကြိမ် မဲပေးကြမယ့်သူတွေရောပေါ့။ ဒါ ကျမတို့အတွက် အရမ်းကို အရေးကြီးပါတယ်။”

မေး- လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့  တိုင်းရင်းသားဒေသက မဲဆန္ဒရှင်လူငယ်တွေ မဲပေးနိုင်ဖို့ ဘယ်လိုကူညီပေးချင်ပါသလဲ။ 

ဖြေ- “ကျမတို့မှာ အတူအလုပ်လုပ်နေတဲ့ မိတ်ဆွေတွေရှိပါတယ်။ ဒီမိတ်ဆွေတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အတူတူ လုပ်ဆောင်နေတာလည်းရှိပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အလုပ်လုပ်နေတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းရှိပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပိုမိုနားလည်အောင် ကူညီပေးဖို့ ၊ ရွေးကောက်ပွဲအကြောင်း ပညာပေးဖို့ ၊ သတင်းအချက်အလက်တွေရရှိဖို့အတွက် ကူညီပေးဖို့ ဒါတွေ တကယ့်ကို အားပေးပါတယ် တိုင်းရင်းသားဒေသက လူတွေအတွက်။”

မေး- နောက်ဆုံးမေးခွန်းကတော့ နော်ဒစ်နိုင်ငံတွေက မြန်မာပြည်သူတွေ မြန်မာနိုင်ငံနဲ့  ဘယ်လို အတွေ့အကြုံတွေ မျှဝေလဲဆိုတာ သိချင်ပါတယ်။

ဖြေ- “ကျမထင်ပါတယ် ပထမဆုံး ပြောချင်တာက ကျမတို့နိုင်ငံက ဒီမိုကရက်တစ်နိုင်ငံဖြစ်ပါတယ်။ ဒါက မျှဝေပေးဖို့ အရမ်းကို အရေးပါတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်အတော်ယူရတယ်ဆိုတာ ကျမတို့ တွေ့ခဲ့ရတယ်။ ပြီးတော့ ဒီမိုကရေစီဆိုတာ လူများစုအတွက်ပဲ မဟုတ်ဘူး လူနည်းစုတွေအတွက်လည်းဖြစ်တယ်။ ဒီအတွက် ကျမတို့  အပေးအယူညှိနှိုင်းမှုတွေ လုပ်ရတယ်။ ကျမတို့ အတူတကွအလုပ် လုပ်ရတယ်။ ရှုပ်ထွေးတဲ့ကိစ္စတွေနဲ့လည်း ကျမတို့ သဘောတူညီမှုတွေ လုပ်ရတယ်။ ကျမတို့ ဘုံသဘောတူညီချက် အဖြေတွေရှာရတယ်။ ဒီလို ကိစ္စတွေကို ကျမတို့ မြန်မာနဲ့ မျှဝေချင်တာပါ။

မြန်မာနဲ့ အရမ်းကိုမျှဝေချင်တဲ့ နောက်ကိစ္စတခုကတော့ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှ ပါဝင်မှုပါ။ ဒါဟာ နော်ဒစ်နိုင်ငံတွေအားလုံးအတွက် အရမ်းကို အရေးကြီးပါတယ်။” 

မေး-နောက်ထပ် ဖြည့်စွက်ပြောချင်တာ ရှိပါသေးလား။
ဖြေ- “ကျမ အထူးအလေးထားပြီး အရမ်းပြောချင်တာက။  နော်ဒစ်တိုင်းပြည်တွေက ပြည်သူတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ ကောင်းကောင်းသိပါတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းရှည်ကြာ ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာ သူတို့သိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို သူတို့  ဆက်လက်ပြီးတော့ ထောက်ခံအားပေး ချင်ပါတယ်။ ဒါ သိပ်ကို အရေးကြီးတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။” 

ကျေးဇူးတင်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013