DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပင်လယ်ပြင်၌ လူကုန်ကူးမှုမရှိစေရေး စီမံဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော် တိုက်တွန်း
DVB
·
February 19, 2020
မြန်မာ့ပင်လယ်ပြင်၌ လူကုန်ကူးမှုမရှိစေရေး စီမံဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော် တိုက်တွန်း
Donate to DVB

မြန်မာ့ပင်လယ်ပြင် ရေလုပ်ငန်းတွေမှာ လူကုန်ကူးမှုနဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေးနဲ့ ပင်လယ်ပြင် ဖမ်းငါးလုပ်ငန်းတွေကို စနစ်တကျ စီမံဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အဆိုကို မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပါတယ်။

မြန်မာပင်လယ်ရေပြင်မှာ ငါးဖမ်းလုပ်ကွက်ပေါင်း ၁၂၅ ကွက် ရှိနေတာ ဖြစ်ပြီး၊ အဲဒီထဲမှာ တနင်္သာရီတိုင်းက ၄၅ ကွက်၊ ဧရာဝတီတိုင်းက အကွက် ၄၀၊ ရခိုင်ပြည်နယ်က ၂၅ ကွက်၊ မွန်ပြည်နယ်က ၁၄ ကွက် ရှိနေပါတယ်။

ဒါပေမယ့်လည်း ဒီလုပ်ကွက်တွေမှာ တရားဝင်လိုင်စင်ရပြီး လုပ်ငန်းလုပ်ကိုင်နေတဲ့ ငါးဖမ်းလုပ်ငန်းတွေက အနည်းငယ်သာရှိနေပြီး တရားမဝင်ဖမ်းဆီးတာတွေ အဆမတန် များပြား နေပါတယ်။

အခုလို အခြေအနေတွေကြောင့် မြန်မာ့ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လူကုန်ကူးတာနဲ့ လူအခွင့်အရေးချိုးဖောက်တာ မရှိစေရေးနဲ့ ပင်လယ်ပြင် ဖမ်းငါးလုပ်ငန်းတွေကို စနစ်တကျ စီမံဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပါတယ်။

တရားမဝင် ငါးဖမ်းဆီးမှုတွေကြောင့် လူကုန်ကူးတာနဲ့ ဒုစရိုက်မှုတွေအပြင် လူအခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေတယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး က ပြောပါတယ်။

ဒီအဆိုကိုတော့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် မွန်ပြည်နယ် လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို အစိုးရအနေနဲ့ တပ်မတော်ရေ အပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး စီမံချက် ချမှတ်အကောင်အထည်ဖော်သင့်တယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အခုလို လွှတ်တော်မှာ အဆိုအောင်မြင်သွားတဲ့အတွက် ကြောင့် အရင်ဆုံး မွန်ပြည်နယ်ရဲ့ ရေပိုင်နက်ကို ကန့်သတ်ပြီး အရေးယူတာတွေ စတင်သွားမယ်လို့ မွန်ပြည်နယ် စိုက်ပျိုး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

ဒါအပြင် အခုလို ရေပိုက်နက်ကို ကန့်သတ်ပြီးနောက် တရားမဝင် ငါးဖမ်းဆီးမှုတွေကို စတင်အရေးယူသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အလုပ်သမား ပြဿနာကို ဖြည်းဖြည်းချင်း ကိုယ်တွယ်သွားမယ်လို့ လည်း ပြောပါတယ်။

မြန်မာပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာဌာနစုံ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ငါးဖမ်း လုပ်ကွက် ၃ ခုကို သွားရောက် ကွင်းဆင်း စစ်ဆေးထားပါတယ်။

အဲဒီလို စစ်ဆေးရာမှာ အထောက်အထားမပြနိုင်တဲ့ ကျားဖောင် ထောင်ချီ ရှိနေတဲ့အပြင် ရေလုပ်သားကတ်မရှိတဲ့ အလုပ်သမား ၄၀၀၀ ကျော်ရှိနေတာကို စိစစ်တွေ့ရှိထားပါတယ်။ 

မြန်မာပင်လယ်ရေပြင်ရှိ တရားမဝင်လုပ်ကိုင်နေတဲ့ ကျားဖောင်လုပ်ငန်းတွေမှာ လူကုန်ကူးမှု၊ အဓမ္မ အလုပ်စေခိုင်းမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေရှိနေတဲ့ သတင်းတွေ မကြာသေးခင်က ထွက်လာပြီးနောက် မွန်ပြည်နယ်လွှတ်တော်က ဒီကိစ္စကို ဆွေးနွေးအတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

သတင်း- ဇော်လွင်ထွဋ်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013