DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲ တာဝန်ထမ်းသူများအတွက် ကျပ်သိန်း ၁၈၀၀ ကျော် ကုန်ကျနိုင်
DVB
·
February 16, 2020
မန်းရွှေစက်တော်ဘုရားပွဲ တာဝန်ထမ်းသူများအတွက် ကျပ်သိန်း ၁၈၀၀ ကျော် ကုန်ကျနိုင်
Donate to DVB

မန်းရွှေစက်တော်ဘုရားပွဲတော်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျန်အဖွဲ့အစည်းတွေအတွက် ကျပ်သိန်းပေါင်း ၁၈၀၀ ကျော် ကုန်ကျနိုင်တယ်လို့  ရွှေစက်တော်ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။

ဘုရားပွဲတော်ကို ရက် ၈၀ ကျင်းပမှာဖြစ်ပြီး ပွဲတော်ကာလမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျန်းမာသန့်ရှင်းနဲ့ လုံခြုံရေးဝန်ထမ်းတွေ၊ အလှူခံဌာနဝန်ထမ်းတွေအတွက် ဘုရားကြီးဘဏ္ဍာငွေကနေ နေထိုင်ဖို့ စီစဉ်ပေးပြီး စားစရိတ် ထုတ်ပေးဆောင်ရွက်နေပါတယ်။

ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုတော့ စားစရိတ်အနေနဲ့ တဦးကို တနေ့ ကျပ် ၅၀၀၀ ထောက်ပံ့ပေးပြီး ကျန်းမာ သန့်ရှင်းဝန်ထမ်းတွေကို တနေ့ ၇၀၀၀ ကျပ်၊ လုံခြုံရေးဝန်ထမ်းတွေနဲ့ အလှူခံဌာနဝန်ထမ်းတွေကို လစာအပြင် စားစရိတ်အတွက် တစ်နေ့ ကျပ် ၅၀၀၀ ထောက်ပံ့ပေးထားပါတယ်။

တနေ့ထောက်ပံ့ငွေ ပျှမ်းမျှ ၅၀၀၀ ကျပ်နှုန်းနဲ့တွက်မယ်ဆိုရင် ပွဲတော်ပြီးကာလအထိ ဘုရားဘဏ္ဍာငွေ ကျပ်သိန်း ၁၈၀၀ ကျော်ကုန်ကျမယ်လို့ ဘုရားဂေါပကအဖွဲ့အတွင်းရေမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ရဲတပ်ဖွဲ့ဝင် ၁၂၀၊ မီသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့က အယောက် ၆၀၊ ကျန်းမာရေးဝန်ထမ်း ၇ ဦး၊ ကြက်ခြေနီတပ်ဖွဲ့က ၁၅ ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၂ ဦး၊ လတက ဝန်ထမ်း ၂ ဦး၊ လမ်းယာဉ်စည်းကမ်းထိန်သိမ်းရေး ဝန်ထမ်း ၁၅ ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၇ ဦး၊ သန့်ရှင်ရေးလုပ်သား ၇၀၊ လုံခြုံရေးဝန်ထမ်း ၃၀၊ အလှူခံဌာနစာရေး ၃၀၊ ဆွမ်းချက်နဲ့ပြန်ကြားရေးဝန်ထမ်း ၃ ဦးတို့ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

ရက်ရှည်ကျင်းပရတဲ့ ပွဲတော်ဖြစ်တဲ့အတွက် ဘုရားဖူးလာပြည်သူတွေ စိတ်ချမ်းသာစွာ ဘုရားဖူးနိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် အခုလို ဝန်ထမ်းတွေ ချထားတာဖြစ်ပြီး တိုင်းအစိုးရရဲ့ခွင်ပြုချက်နဲ့ ဘုရားဘဏ္ဍာငွေကနေ ထောက်ပံ့ချီးမြှင့်တာလို့ ဦးခင်မောင်စိုးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် မန်းရွှေစက်တော်ဘုရားပွဲတော်မှာ စျေးဆိုင်ခန်း ၁၀၈၀၊ ပျံကျဆိုင်ခန်း ၂၄၆ ခန်း၊ တဲကျောင်းတွေမှာမှီခိုထွက်တဲ့ဆိုင် ၂၀၀ ကျော်နဲ့ ပွဲတော်ကိုမှီခိုလုပ်ကိုင်နေသူဦးရေ ၂၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ  ၂၉ ရက်နေ့ကနေ ဧပြီ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပနေတယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအကုန်အထိ ဘုရားကြီးဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013