DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးနှင့် အဂတိကင်းစင်ရေး ဝိုင်းဝန်းကြိုးပမ်းရန် ပြည်ထောင်စုနေ့၌ သမ္မတတိုက်တွန်း
DVB
·
February 12, 2020
မူးယစ်ဆေးဝါးနှင့် အဂတိကင်းစင်ရေး ဝိုင်းဝန်းကြိုးပမ်းရန် ပြည်ထောင်စုနေ့၌ သမ္မတတိုက်တွန်း
1 / 12
Donate to DVB

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးရေးနဲ့  အဂတိတရားကင်းစင်ရေးတို့ကို ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတော်အစိုးရနဲ့ လက်တွဲ ဝိုင်းဝန်းကြိုးပမ်းသွားဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

“နိုင်ငံတော်က အမျိုးသားအဆင့် ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်း မြင့်မားရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တစ်မျိုးသားလုံး၏ ဆိုးကျိုးကိုဖြစ်ပေါ်စေသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးနှင့် အဂတိတရားများကင်းစင်ရေးတို့တွင်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းသွားကြရမည်” လို့ သမ္မတက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်ရဲ့ အသက်တမျှ အရေးပါလှတဲ့အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ညီတဲ့ နိုင်ငံတော်ရဲ့ ပကတိအခြေအနေ၊ အနာဂတ်မျှော်မှန်းချက်နဲ့ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြမယ်လို့လည်း ပြောပါတယ်။

ကိုလိုနီနယ်ချဲ့တို့ရဲ့ သွေးခွဲအုပ်ချုပ်မှုရဲ့ ဆိုးမွေကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအကြား ဖြစ်ပေါ်ခဲ့တဲ့ သံသယတွေနဲ့ အယူအဆပိုင်းဆိုင်ရာ အမြင်ကွဲပြားမှုများကြောင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ ပြည်ထောင်စု ကြီး တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရသလို ပြည်ထောင်စုသားတိုင်းရင်းသား ပြည်သူအားလုံးတို့ရဲ့ လူမှုဘဝ နိမ့်ကျခဲ့ရတယ်၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားခဲ့တဲ့ ဒေသတွေဟာ ဒေသဖွံ့ဖြိုးရေးလမ်းစတွေ မှေးမှိန်ပျောက်ကွယ်ခဲ့ရတဲ့အပြင် အခြေခံလူ့အခွင့်အရေးတွေပါ နစ်နာဆုံးရှုံးခဲ့ရတယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက် နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝရောက်ခဲ့ရပြီး လွတ်လပ်ရေးပြန်လည်ရရှိဖို့ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တောင်တန်း ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးရရှိဖို့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးတဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ်  သတ်မှတ် ကျင်းပတာ ဖြစ်ပါတယ်။

ဒီမနက် နေပြည်တော်မှာကျင်းပတဲ့ ၇၃ နှစ်မြောက် ပြည်ထောင်စုအနေ့အခမ်းအနားကို သမ္မတဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဒီသဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013