ဝူဟန်မြို့တွင် ကျန်ခဲ့သည့် ကျောင်းသားနှစ်ဦးလုံး ရောဂါမတွေ့ဟု မြန်မာသံရုံး ထုတ်ပြန်
DVB
·
February 2, 2020
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကျန်ခဲ့ရတဲ့ မြန်မာကျောင်းသား ၂ ယောက်မှာ ဘာရောဂါမှမရှိဘဲ တက္ကသိုလ်ကျောင်းဆောင်တွေကို ပြန်ရောက်သွားပြီလို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်မြို့က မြန်မာကျောင်းသားတွေကို ပြန်ခေါ်ဆောင်ရာမှာ ၄ ယောက် ကျန်နေခဲ့တာဖြစ်ပြီး အဲဒီထဲက ကျောင်းသား ၁ ယောက်နဲ့ ကျောင်းသူ ၁ ယောက်တို့ဟာ ကိုယ်အပူချိန်မြင့်နေတာကြောင့် ကျန်နေခဲ့ရတာဖြစ်ပါတယ်။
ဝူဟန်မြို့ ကျန်းမာရေး အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် ရောဂါမပြန့်ပွားရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမယ့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေအရ လေယာဉ်ပေါ်လိုက်ပါဖို့ တားမြစ်ခဲ့တာပါ။
သူတို့ကို ကျန်းမာရေး ဆက်လက်စစ်ဆေးခဲ့တာမှာ ကိုယ်အပူချိန်တွေဟာ ပုံမှန်အတိုင်းပဲ ရှိနေပြီး ဘာရောဂါမှမရှိတာကို တွေ့ရလို့ သူတို့ရဲ့ တက္ကသိုလ်ကျောင်းဆောင်တွေကို ပြန်ရောက်နေပြီလို့ ပေကျင်းမြို့ မြန်မာသံရုံးက ဒီနေ့ ထုတ်ပြန်တာ ဖြစ်ပါတယ်။
သူတို့နေထိုင် စားသောက်တာ အဆင်ပြေဖို့အတွက်လည်း ဟူပေပြည်နယ်၊ နိုင်ငံခြားရေးရာရုံးနဲ့ ဆက်သွယ်ပေးနေတယ်လို့ ဆိုပါတယ်။
ဝူဟန်မြို့မှာ ရှိနေတဲ့ မြန်မာကျောင်းသား ၆၃ ယောက်ထဲက တယောက်ဟာ ပြည်နယ် ပြင်ပကိုရောက်နေပြီး နောက်တယောက်ကတော့ လဝကကိစ္စကြောင့် ပြန်လိုက်မလာနိုင်တာလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကျန်တဲ့ မြန်မာ ကျောင်းသား ၅၉ ယောက်ကတော့ ဒီမနက် ၄ နာရီကျော်လောက်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာခဲ့ပြီး ကန်တော်နဒီဆေးရုံမှာ သီးသန့်ထား စောင့်ကြပ်နေပါတယ်။