DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ကြောင်း တကယ်အတည်ပြုနိုင်သည့်ပစ္စည်း မရှိသေးဟု ဦးဇော်ဌေး အသိပေး
DVB
·
February 1, 2020
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ကြောင်း တကယ်အတည်ပြုနိုင်သည့်ပစ္စည်း မရှိသေးဟု ဦးဇော်ဌေး အသိပေး
Donate to DVB

ကမ္ဘာ့နိုင်ငံအသီးသီးအပေါ် ခြိမ်းခြောက်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အဲဒီရောဂါကို တကယ်အတည်ပြုနိုင်တဲ့ပစ္စည်း မရှိသေးဘဲ ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အသိပေး ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်က ညနေပိုင်းက သမ္မတအိမ်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို အသိပေးပြောဆိုလိုက်တာပါ။ 

“တကယ်အတည်ပြုနိုင်တဲ့ reagent က ကျနော်တို့နိုင်ငံမှာ မရှိသေးဘူး။ အဲဒါရအောင် လုပ်နေတယ်။ ကျနော်တို့ ဘန်ကောက်တို့၊ ဟောင်ကောင်ကို ပို့ပြီး အတည်ပြုရတဲ့ အနေအထား ဖြစ်တယ်။ အဲဒီလိုမျိုး မပို့ဘဲ ပြည်တွင်းမှာပဲ အတည်ပြုလို့ရအောင် ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းနေတယ်။”

လတ်တလောမှာတော့ ရောဂါလက္ခဏာအဖြစ် အပူချိန် ဘယ်လိုရှိလဲ၊ သူ့ရဲ့အဆုတ်က ဘယ်လိုရှိလဲဆိုတဲ့ အနေအထားပေါ် မူတည်ပြီး သံသယဖြစ်လူနာကို သတ်မှတ်နေတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ဖြစ်တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ တရုတ်နိုင်ငံက အတည်ပြုပြီးတဲ့နောက်မှာ ဒီနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ လူပေါင်း ၁၁၀၀၀ ကျော် ကူးစက်ထားတဲ့အပြင် သေဆုံးသူ ၂၅၉ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။

စတင်ဖြစ်ပွားတဲ့ ဟူဘေးပြည်နယ် ဝူဟန်ရောက် ကျောင်းသား ၆၀ ကျော်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂ ရက်မှာ ခေါ်ယူဖို့ရှိနေပြီး ဒါနဲ့ပတ်သက်လို့ သူတို့ကို မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ထားကာ  ၂၄ နာရီပတ်လုံး စောင့်ကြည့်မယ်လို့ သိရပါတယ်။

“အရင် ဆားလ်ရောဂါဖြစ်တုန်းကလည်း အဲဒီမှာထားခဲ့တာ ရှိတယ်။ အဲဒါကိုပဲ ပြန်ပြုပြင်ပြီးတော့ လုပ်ထားတယ်။ ပြင်ဆင်ထားတယ်။ ဒါကြောင့် အဲဒီနေရာကိုရွေးတာ ဖြစ်တယ်”လို့  ဦးဇော်ဌေးက ဆိုပါတယ်။

အဲဒီရောဂါကူးစက်ပျံ့နှံပြီး သုံးပတ်ကျော်အကြာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာအပြီး ဇန်နဝါရီ ၃၀ ရက်မှာတော့ “မြန်မာနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ”ကို ဖွဲ့စည်းလိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်မနက်မှာတော့ ကွမ်းကျိုးက ရန်ကုန်လာတဲ့ တရုတ်တောင်ပိုင်းလေယာဉ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိ တရုတ်နိုင်ငံသား တဦးပါလာ တဲ့အတွက် တရုတ်လေကြောင်းလိုင်းတွေ ခွင့်ပြုပေးနေတာနဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက “အင်တာနေရှင်နယ် လေကြောင်းလိုင်းတွေနဲ့ပတ်သက်လို့ နိုင်ငံတနိုင်ငံအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ်တော့ ပိတ်ပင်ဖို့ ခက်ပါတယ်။ WHO နဲ့ ICAO တို့က ညှိနှိုင်းပြီးတော့ ဒီအချိန်မှာ ဒီခရီးစဉ်ကို သွားတဲ့ ဒီလေကြောင်းလိုင်းတွေကို ပိတ်သင့်ပြီလို့ ရီကွန်မန်ဒေးရှင်း ပေးမယ်။ သူတို့ကလည်း ပိတ်ပါလို့ ပြောလို့ မရဘူး။ လက်မခံဖို့ အကြံပြုချက်ပေးတဲ့အချိန်မှာ ကျနော်တို့နိုင်ငံက လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်”လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အပေါ် စိုးရိမ်ဖွယ်ဖြစ်လာတဲ့ အခြေအနေမှာ ရှမ်းနဲ့ ကချင်လို တရုတ်-မြန်မာ နယ်စပ်တလျှောက် တရုတ်နိုင်ငံသားတွေ တရုတ်နံပါတ်တပ်ကားနဲ့ ဝင်ရောက်နေတာတွေလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

လတ်တလောမှာတော့ မြန်မာအစိုးရအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လေဆိပ်တွေ၊ ဆိုက်ရောက်နေရာတွေနဲ့ နယ်စပ်ဂိတ်တွေမှာ Screen Test စစ်ဆေးမှု‌တွေ ဆောင်ရွက်န‌ေတယ်လို့ ဆိုပါတယ်။

“အစိုးရ ထိန်းချုပ်တဲ့ နယ်စပ်ဝင်ပေါက်တွေ၊ အလားတူ EAO ထိန်းချုပ်တဲ့ နယ်စပ်ဝင်ပေါက်တွေလည်း ရှိတယ်။ အဲဒီအဖွဲ့တွေကိုလည်း ဆက်သွယ်ပြီး ပြောထားတယ်။ ကျန်မာရေးအထောက်အပံ့ လိုရင်လည်း ပြောလို့ ပြောထားတယ်။ တချို့ကလည်း သူတို့သဘောနဲ့ သူတို့ ပိတ်တာလည်း ရှိတယ်။ ကျနော်တို့ကတော့ လောလောဆယ် ပိတ်တဲ့ အဆင့်တော့ မရောက်သေးဘူး။ ဒါပေမဲ့ အဝင်အထွက် တင်းတင်းကြပ်ကြပ် စောင့်ကြည့်တယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်ကမှ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ ပုံမှန်ဝန်ကြီးဌာနတွေနဲ့ပဲ ဖွဲ့စည်းခဲ့တဲ့ ကော်မတီအနေနဲ့ WHO နဲ့ ICAO တို့ရဲ့ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် အရေးယူ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ပူးပေါင်ေဆောင်ရွက်မှာဖြစ်ပြီး ရောဂါကာကွယ်ကုသဖို့ လိုအပ်တဲ့ ဆေးနဲ့ ဆေးပစ္စည်း၊ ကာကွယ်ဖို့ပစ္စည်းတွေ လိုအပ်တဲ့ ဓာတ်ခွဲခန်းပစ္စည်းတွေကို တင်သွင်းနိုင်ရေး ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013