Homeမြန်မာသတင်း
အေအေအပေါ် လွှမ်းမိုးမှုရှိသည့် နိုင်ငံ၊ အဖွဲ့အစည်းများနှင့်သာ ပြောဆိုတော့မည်ဟု သမ္မတရုံး ပြော
အေအေအပေါ် လွှမ်းမိုးမှုရှိသည့် နိုင်ငံ၊ အဖွဲ့အစည်းများနှင့်သာ ပြောဆိုတော့မည်ဟု သမ္မတရုံး ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 1, 2020
ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ တစုံတရာ ပြောဆိုတော့မှာ မဟုတ်ဘဲ အေအေအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေနဲ့ပဲ ပြောဆိုတော့မယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးခံထားရသူတွေကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာပါ။
“နောက်ပိုင်းကျရင် အေအေကို ငြိမ်းချမ်းရေး ကော်မရှင်ကလည်း မပြောတော့ဘူး။ ပြောရရင်တော့ အဲဒီအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေကိုပဲ ပြောရမယ်။ အခုလို ပြောတဲ့အတွက်လည်း ဖမ်းခံထားရတဲ့သူတွေ တစတစ လွှတ်လာတာ ဖြစ်တယ်။ အဲဒါကြောင့် ပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။
အစိုးရက ဖမ်းဆီးထားတဲ့သူတွေထဲမှာ အပြစ်မဲ့သူတွေ ပါဝင်နေတယ်ဆိုရင် အေအေအနေနဲ့ NRPC ကို စာရင်းပေးတင်ပြဖို့ ပြောဆိုခဲ့ဖူးကြောင်း ဦးဇော်ဌေးက ပြောပါတယ်။
“အေအေ ခေါင်းဆောင်တွေကို ဘာပြောခဲ့လဲဆိုတော့ ခင်ဗျားတို့ဘက်က အဖမ်းခံထားရတဲ့သူတွေ ရှိတယ်၊ ဘာမှမဆိုင်ဘဲ အပြစ်မဲ့ပြည်သူတွေ ရှိတယ်ဆိုရင် နာမည်စာရင်းပေး။ ကျနော်တို့ NRPC ကို စာရင်းနဲ့တင်ပြရင် ကျနော်တို့ ပြန်စိစစ်မယ်၊ တကယ်အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးမယ်။ အပြစ်ရှိရင်တော့ ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ ပြောခဲ့တယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်ပြီးတဲ့နောက်မှာ အေအေက ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အမျိုးသားလွှတ်တော် ဦးဝှေ့တင်းကို ပြန်လည်လွှတ်ပေးခဲ့တာကို တွေ့ရပြီး အေအေအဖွဲ့အပေါ် တရုတ်ရဲ့ သြဇာ အာဏာသက်ရောက်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကိုလည်း တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော်အေအေက ဖမ်းဆီးရမိထားတဲ့ တပ်မတော်သား စစ်သုံ့ပန်းတွေနဲ့ အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို လဲလှယ်လိုတယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ကမ်းလှမ်းခဲ့ဖူးပါတယ်။