DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ ၅၀ ကျော်အတွက်  ကျပ်သန်း ၁၅၀၀ ထောက်ပံ့ပေးမည်
DVB
·
January 31, 2020
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာပေါင်း ၅၀ ကျော်အတွက် အခုဘဏ္ဍာနှစ်မှာ မြစိမ်းရောင်စီမံကိန်းအစီအစဉ်နဲ့  ကျပ်သန်း ၁၅၀၀ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကနေ စတင်ကာ တရွာကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ အရင်းမပျောက်ချေးငွေအဖြစ် ကျေးရွာတွေ ရွေးချယ်ကာ ထောက်ပံ့ပေးနေတာပါ။

ပြီးခဲ့တဲ့နှစ်က ကျေးရွာ ၈၀ ကျော်ကို ထောက်ပံ့ခဲ့ပေမယ့် အခုနှစ်မှာတော့ ကျေးရွာ ၅၂ ရွာ၊ ယူနစ် ၅၀ ကို ကျပ်သန်း ၁၅၀၀ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာပေါင်း ၁၀၄၀ ရွာ၊ ၉၃၈ ယူနစ်ကို ၆ နှစ်တာကာလအတွင်း ထောက်ပံ့ပေးထားပြီးဖြစ်တဲ့အတွက် မြစိမ်းရောင်စီမံကိန်းတွေကို တဖြည်းဖြည်းလျော့ချပြီး ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်ကိုသာ ပိုမိုထောက်ပံ့ပေးတော့မယ်လို့ တိုင်းကျေးလက်ဦးစီးဌာနက ပြောပါတယ်။

စစ်ကိုင်းတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက "မြစိမ်းရောင်စီမံကိန်း စပြီးအကောင်အထည်ဖော်ကတည်းက ကျေးရွာပေါင်း တသောင်းပေါ့လေ တနိုင်ငံလုံးအနေနဲ့အကောင်အထည်ဖော်ဖို့ပေါ့။ အခုက ၁တသောင်းကျော်သွားပြီ။ တဖြည်းဖြည်းချင်းတော့ နည်းနည်းသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြစိမ်းရောင်ကျေးရွာတွေနဲ့ပတ်သက်ရင် ကျနော်တို့ ဝန်ထမ်းတွေက ကျေးရွာတွေကို တနှစ်ကို ၄ ကြိမ်လောက် ကွင်းဆင်းပြီးတော့ ငွေရေးကြေးရေးနဲ့ပတ်သက်တာ၊ စာရင်းဇယားတွေနဲ့ ပတ်သက်တာတွေကို သွားပြီးစစ်ဆေးရတယ်။ ကျေးရွာများလာတဲ့အခါကျတော့ ကျနော်တို့ ဝန်ထမ်း မနိုင်ဝန်ထမ်းရတဲ့ သဘောဖြစ်တဲ့အခါကျတော့ တဖြည်းဖြည်းနဲ့တော့ လျှော့ရမှာပေါ့။"လို့ ပြောပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်(VDP)ကိုတော့ တရွာကို ကျပ်သိန်း ၁၀၀ နှုန်းနဲ့ အခုနှစ်မှာ ကျေးရွာ ၅၁၁ ရွာ၊ ကျပ်သန်းပေါင်း ၅၁၁၀ သန်းကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကလည်း ၂၀၁၅-၁၆ ခုနှစ်ကနေ စတင်လာခဲ့တာဖြစ်ပြီး အခုဆို ကျေးရွာပေါင်း ၁၁၇၆ ရွာရှိနေပြီဖြစ်ပါတယ်။

ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက "VDP က ကျေးရွာကို ငွေထောက်ပံ့တာက အဓိကမဟုတ်ပါဘူး။ ကျေးရွာပြည်သူတွေရဲ့ Capacity Building တိုးမြှင့်အောင်လို့ လုပ်ပေးတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအတွက် ဘာတွေက အဟန့်အတားဖြစ်နေလဲ။ ပကတိ လိုအပ်ချက်တွေက ဘာတွေလဲဆိုတာကို ကျေးရွာသူကျေးရွာသားတွေကိုယ်တိုင် စဉ်းစားတွေးခေါ်တတ်အောင် လိုအပ်တဲ့ လုပ်ငန်းတွေကို စီမံကိန်းရေးဆွဲတတ်အောင် ဘာက ဦးစားပေးလုပ်ရမလဲ။ ဘာက ဒုတိယဦးစားပေးလုပ်ရမလဲစသဖြင့် စီမံကိန်းရေးဆွဲတတ်အောင် သင်ကြားပေးတာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

ဒီစီမံကိန်းတွေက ကျေးရွာတွေအတွက် အကျိုးများပြီး ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း စတာတွေမှာလည်း တိုးတက်လာစေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဝေးလံသီခေါင်ပြီး ဆင်းရဲတဲ့ နာဂဒေသအထိပါ ဒီစီမံကိန်းတွေ ရောက်ရှိလွှမ်းခြုံနိုင်အောင်လည်း စီမံနေတယ်လို့ သိရပါတယ်။ ကျေးလက်ဦးစီးဌာနကနေ ငွေကြေးထောက်ပံ့တာတွေအပြင် ရေရရှိရေး၊ ကုန်ထုတ်လမ်း၊ လျှပ်စစ်မီးလင်းရေး စတဲ့ ကဏ္ဍတွေကိုလည်း လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013