
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ ဗုံးသီး တလုံးကို ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်ကြီးမြို့နယ် ကောင်းမွန်ကျေးရွာအုပ်စု၊ မရိုးကုန်းကျေးရွာအနောက်ဖျားမှာရှိတဲ့ နေအိမ် တအိမ် မှာ မေ ၅ ရက် ညနေ ၂ နာရီကျော်လောက်က သေဆုံးသူအမျိုးသားက တခြားဒေသကနေ ယူလာတဲ့ ဗုံးသီးတလုံးကို ထုခွဲကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ပေါက်ကွဲမှုဖြစ်တဲ့ ဗုံးသီးကို သေဆုံးသွားတဲ့ အမျိုးသားက မတ္တရာ မြို့နယ်၊ ဝသုန္ဒရကျေးရွာဘက်ကနေ တွေ့လို့ ယူလာတာလို့ သိရပါတယ်။ သူ့အိမ်ရောက်တော့ ဗုံးသီးကို ထုခွဲကြည့်တော့ အခုလိုဖြစ်တာ”လို့ ပြောပါတယ်။
ဗုံးသီးပေါက်ကွဲမှုကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ယောက် သေဆုံးခဲ့တဲ့အပြင် အသက် ၄ နှစ်အရွယ် ကလေး ၁ ယောက်၊ အသက် ၄၃ နှစ် အမျိုးသမီး ၁ ယောက်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ယောက်တို့ဟာ(မစိုးရိမ်ရ)ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က ဖြစ်စဉ် ဖြစ်ပွားတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး ဗုံးသီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူတွေမှာ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။










