
ရန်ကုန်ရဲတပ်ရင်းက ရဲတပ်သားတွေကို ဩဂုတ် ၁ ရက်ကစလို့ ရှေ့တန်းပို့ပြီး ခရိုင်နဲ့ မြို့နယ်မှာ ရှိတဲ့ ရဲတွေကို ဌာနဆိုင်ရာလုံခြုံရေးပေးဖို့ စစ်အာဏာရှင်တပ်က လုပ်ဆောင်နေတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အရင်က ရန်ကုန်တိုင်းမှာရှိတဲ့ စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ရင်းက ရဲတွေဟာ ဘဏ်၊ သံရုံး၊ အစိုးရအဆောက်အအုံတွေမှာ လုံခြုံရေးယူရတာဖြစ်ပြီး ခရိုင်နဲ့ မြို့နယ်ရဲစခန်းတွေက ရဲတွေ ကတော့ မှုခင်းကိစ္စတွေနဲ့ မြို့နယ် လုံခြုံရေးကို တာဝန်ယူရတာလို့ ဆိုပါတယ်။
ရန်ကုန်ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတယောက်က “ရန်ကုန်တပ်ရင်းတွေက ရဲတွေကို ရှေ့တန်းပို့တယ်။ ရခိုင်၊ မကွေး၊ ချင်း၊ ကချင်ဘက်ကို ပို့တယ်။ အဲရင်က ရန်ကုန်ရဲတပ်ရင်းက ရဲတွေကို ဘဏ်တို့၊ သံရုံးတို့၊ တခြားအရေးကြီးအစိုးရအဆောက်အအုံတွေမှာချတယ်။ အခုတပ်ရင်းတွေက အဲဒီရဲတွေကို ပြန်ခေါ်ပြီး ရှေ့တန်းပို့တော့ သက်ဆိုင်ရာခရိုင်နဲ့ မြို့နယ်တွေက ရဲတွေက ဘဏ်တို့၊ သံရုံးတို့၊ အစိုးရအဆောက်အအုံတွေမှာ လုံခြုံရေး ယူရသလို အမှုကိစ္စတွေလည်း ကိုင်တွယ်နေရတယ်။ မြို့နယ်လုံခြုံရေးကိုလည်း တာဝန်ယူနေကြရတယ်”လို့ DVB ကိုပြောပါတယ်။
အဲဒီလိုလုပ်ခိုင်းလို့ မြို့နယ်နဲ့ ခရိုင်မှာရှိတဲ့ ရဲတွေဟာ နားချိန်မရတော့ဘဲ အချင်းများကြတာတွေ၊ ရန်ဖြစ်ကြတာတွေဖြစ်လာကြတာကြောင့် ခိုး၊ ဆိုး၊ လုယက်တွေနဲ့ ရဲသတင်းပေးတွေကိုပါ အင်အားပြခိုင်းလာရတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နည်းစပ်သူက “သူတို့မြို့နယ်က လုံခြုံရေးကိစ္စလည်းလုပ်ရတယ်။ သူတို့နားချိန်ကျ လွတ်သွားတဲ့နေရာတွေကို သွားပြီးလုံခြုံရေးပေးရတော့ နားချိန်လျော့ပြီး တယောက်နဲ့တယောက် ရန်တွေဖြစ်ကြ။ စခန်းမှူး၊ မြို့နယ်မှူးတွေက အောက်ခြေကိုဖိ၊ အဲဒီလိုလုပ်နေကြတယ်။ အဲဒါ ရဲစခန်းတွေမှာ ဖြစ်နေကြတယ်”လို့ ဆက်ပြောပါတယ်။
ရန်ကုန်အခြေစိုက် ရဲတပ်ရင်း(၆)ရင်းရှိပြီး အဲဒီတပ်ရင်းတွေကတော့ အမှတ် (၁) လုံခြုံ ရေးရဲတပ်ရင်း လှော်ကား (မင်္ဂလာဒုံမြို့နယ်)၊ အမှတ် (၅) လုံခြုံရေးရဲတပ်ရင်း မှော်ဘီမြို့နယ်၊ အမှတ် (၆) လုံခြုံရေးရဲတပ်ရင်း ရွှေပြည်သာမြို့နယ်၊ အမှတ် (၇) လုံခြုံရေးရဲတပ် ရင်း ကျောက်တန်းမြို့နယ်၊ အမှတ် (၈) လုံခြုံရေးရဲတပ်ရင်း မင်္ဂလာဒုံမြို့နယ်နဲ့ အမှတ် (၉) လုံခြုံရေးရဲတပ်ရင်း လှည်းကူးမြို့နယ် (ကျွန်းကြီး)တို့ ဖြစ်ပါတယ်။











