လီဗာပူးအသင်းကနေ နည်းပြ အာနဲစလော့ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းခေါင်းဆောင် ဗန်ဒိုက် အပါအဝင် ကစားသမားအများစုက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် စလော့ကို ကျေးဇူးတင်စကားနဲ့ နှုတ်ဆက်စကားတွေ ဆိုခဲ့ကြပါတယ်။
ဗန်ဒိုက်၊ ဂရာဗင်ဘာ့ချ်၊ ကာတစ်ဂျုန်းစ်၊ မက်အယ်လစ္စတာနဲ့ ဂတ်ပို တို့က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလား အတူတူရယူနိုင်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေနဲ့အတူ စလော့ရဲ့ ရှေ့ဆက်မဲ့ အနာဂတ်အတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရာသီအတွင်း စလော့ရဲ့ ကစားဟန်အပေါ် မကြာခဏ လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့ ကွင်းလယ်လူ ဆိုဘိုဆလိုင်း တို့ကတော့ လက်ရှိအချိန်အထိ စလော့အတွက် တစုံတရာ ပို့စ်တင်နှုတ်ဆက်ခြင်း မရှိသေးပါဘူး။
ဆာလာဟာ အသင်းကနေ ထွက်ခွာတော့မဲ့ နောက်ခံလူ ကိုနာတေး အတွက်သာ ပို့စ်တင်ခဲ့ပြီး စလော့အတွက်တော့ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ စလော့ရဲ့နေရာမှာ အစားထိုးဖို့ ဘုန်းမောက်နည်းပြဟောင်း အီရာအိုလာနဲ့ အမြန်ဆုံး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။










