ညွှန်ချုပ်နှင့်အထက်ဝန်ထမ်းများ တရားဝင် ကားတင်သွင်းခွင့်ရမည်
DVB
·
January 4, 2020
ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့်ဝန်ထမ်း တွေကို အခုနှစ်ကစပြီး ကားတင်သွင်းခွင့်ပြုတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်က အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အခုလိုကားတင်သွင်းခွင့်ပြုတာဟာ ပြည်သူ့ဝန်ထမ်းတွေနဲ့နိုင်ငံ့ဝန်ထမ်းတွေ မော်တော်ယာဉ် အရစ်ကျ ရောင်းချရေးအစီအစဉ်နဲ့ ပတ်သက်လို့ ပထမအဆင့်အနေနဲ့ ဆောင်ရွက်တာလို့ အသိပေးချက်က ဆိုပါတယ်။
ဒါပေမယ့် ကားတင်သွင်းဖို့ကိုတော့ တင်သွင်းခွင့်ပုံစံနဲ့အတူ အဲဒီဌာနကို လျှောက်ထားရမှာ ဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဌာနတွေအနေနဲ့ တာဝန်ခံမယ့် ညွှန်ချုပ်အဆင့်အရာရှိနာမည်နဲ့ ဖုန်းနံပတ် တွေကို ဇန်နဝါရီ ၈ ရက် ပေးပို့ရမယ်လို့လည်း စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။
အခုလို ပထမဆင့်ဆောင်ရွက်ပေးပြီရင်လည်း ဒုညွှန်ချုပ်ကနေ လုပ်သက် ၂၅ နှစ်ပြည့်ပြီးတဲ့ နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရသူတွေကိုလည်း ဒုတိယအဆင့် ဆောင်ရွက်ပေးမယ်လို့လည်း အသိပေးစာမှာ ကတိပေးထားပါတယ်။
ဒီလိုဌာနဆိုင်ရာတွေကို ပေးပိုတဲ့ အခုအသိပေးချက်ကို စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တာပါ။