DVB Logo
Home
Lead Story
ခေတ်အဆက်ဆက် လွတ်လပ်ရေးနေ့ ကျင်းပခဲ့ကြပုံများ
DVB
·
January 4, 2020
Donate to DVB

နိုင်ငံသားတယောက်ရဲ့ ပြည်သူ့နီတိအရပဲဖြစ်ဖြစ် အလေးမြတ်တန်ဖိုးထားတတ်မှုအရပဲဖြစ်ဖြစ် လွတ်လပ်ရေးနေ့ကိုတော့ ဂုဏ်ယူစွာပဲကြိုဆိုကြရမှာပါ။ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ အခမ်းအနားကို တနှစ်မပျက်ကျင်းပလာကြတာ အခုဆိုရင် ၇၂ နှစ်တိုင်ခဲ့ပြီ။ နှစ်ကာလတို့ကြာညောင်းလာခဲ့ပေမို့ မြန်မာတို့အဖို့တော့ ဂုဏ်ယူဆရာ အထိမ်းအမှတ်နေ့တခုဖြစ်နေဆဲပါ။ ဖြတ်သန်းရာ အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ ခေတ်အလိုက် လွတ်လပ်ရေးနေ့ကျင်းပခဲ့ပုံတွေလည်းကွာခြားလာခဲ့ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ဟာ ပထမဆုံးလွတ်လပ်ရေးနေ့ဖြစ်ခဲ့သလို တနိုင်ငံလုံး လွတ်မြောက်ရာ နေ့ထူးနေ့မြတ်တခုလည်းဖြစ်ခဲ့တယ်။ ပထမအကြိမ် လွတ်လပ်ရေးနေ့မှာတော့ အခမ်းအနားကို (က) လွတ်လပ်ရေး အောင်ပွဲအခမ်းအနား။ (ခ) အလံတင်အခန်းအနား(ဂ) လွတ်သဘင်အခမ်းအနားတို့ပါပဲ။ လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကိုတော့ ၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်၊ မနက် ၄း၂၀ နာရီ၊ အတွင်းဝန်ရုံးရှိ လွှတ်တော်ခန်းမရှေ့အလံတိုင်မှာ ယူနီယံဂျက်အလံကိုချပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်လံကိုတင်ပြီး အလံတင်အခန်းအနားကို ကျင်းပခဲ့တာ။ ပြီးမှ အတွင်းဝန်ရုံးလွှတ်တော်အဆောက်အုံမှာ သမ္မတကြီးစဝ်ရွှေသိုက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်းကြေညာပြီး ဝန်ကြီးချုပ်ဦးနုက လွတ်လပ်ရေးကြေညာစာတမ်းကိုဖတ်ကြားပြီး လွတ်လပ်ရေး အောင်ပွဲကိုကျင်းပခဲ့ပါတယ်။

မနက် ၆း၃၀ မှာတော့ အလုံလမ်း ဘုရင်ခံအိမ်တော်ရှေ့အလံတိုင်မှာ ယူနီယံဂျက်အလံကိုချပြီး မြန်မာနိုင်ငံ တော်အလံကိုတင်ခဲ့တယ်။ ဒုတိယအကြိမ်အလံတင်အခမ်းအနားပါ။ အလံတင်အခမ်းအနားပြီးတာနဲ့ ဘုရင်ခံဆာ ဟူးဘတ်ရန့်စ်နဲ့ဇနီးတို့ ဘုရင်ခံအိမ်တော်ကနေထွက်ခွာသွားကြပါတယ်။ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်လက်ထက် ၁၉၅၀ ပြည့်နှစ်ကစပြီး ဗိုလ်ရှုသဘင်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ပါတယ်။ အရင်ကတော့ လွတ်သဘင်အခမ်းအနားပဲကျင်းပခဲ့တာ။

ဗိုလ်ရှုသဘင်အခမ်းအနားဆိုတာကို မြန်မာအဘိဓာန်မှာတော့.. “မင်းဧကရာဇ်က သေနာပတိစသည်တို့ကို ကြည့်ရှုစစ်ဆေးသော အခမ်းအနား ”လို့ ဖွင့်ဆိုပါတယ်။ သမ္မတ သုံးဆက်တိုင်တိုင် ဗိုလ်ရှုခံသဘင်ကို အလေးအနက်ထား ကျင်းပခဲ့ကြတာပါ။ ဒီလိုကျင်းပတာဟာ ၁၉၆၂ ခုနှစ်အထိပါပဲ။ ၁၉၆၃ ခုနှစ်ကစပြီး ဗိုလ်ရှုခံသဘင်ကို မကျင်းပခဲ့ကြတော့ပါဘူး။ ဗိုလ်ရှုခံသဘင်ကို ပထမမြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်ရောက်တော့ ပြည် လမ်း ရွှေတိဂုံစေတီရဲ့ အနောက်မုခ်နဲ့တည့်တည့်မှာ ဗိုလ်ရှုခံသဘင်ခန်းမဆောက်ပြီး ပြောင်းရွှေ့ကျင်းပခဲ့တာ။

အဲ့ဒီကာလတွေတုန်းက ဗိုလ်ရှုသဘင်ကျင်းပခဲ့ပုံတွေကို လေ့လာကြုံတွေ့ဖူးတာလေးကို ပြန်လည်ဖောက်သည်ချချင်မိတယ်။ သမ္မတ ဦးဘဦးလက်ထက်ကစပြီး အလံတင်အခမ်းအနားကို ဗန္တုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ရှေ့က အလံတိုင်မှာကျင်းပခဲ့တာ။ ဇန်နဝါရီလ ၄ ရက်၊ မနက် ၄း၁၇ ရောက်တာနဲ့စည်တော်ကြီးအဖွဲ့က စည်တော်ကြီးစတင်ရွမ်းရပါတယ်။ (၄း၁၉) ရောက်တာနဲ့ စည်တော်ကြီးရွမ်းတာရပ်နားပြီး ပြည်သူ့ သူနာပြုတီးဝိုင်းက အမျိုးသားသီချင်းကို တီးမှုတ်ရတယ်။ အမျိုးသားသီချင်းစတင်တီးမှုတ်လိုက်တာနဲ့ တပြိုင်တည်း လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးက အလံကို လက်နှစ်ဘက်နဲ့ကိုင်ပြီး ၄း၂၀ ရောက်ပြီဆိုသည်နှင့် အမြောက်တချက်ပစ်ဖောက်လိုက်တယ်။ အမြောက်ဖောက်လိုက်သည်နှင့်တပြိုင်တည်း အလံတော်ကို ကော်မတီဥက္ကဋ္ဌ တိုင်ထိပ်ကို လွှင့်ထူလိုက်ပါတော့တယ်။ အနယ်နယ်အရပ်ရပ်မှာလည်း အလံလွှင့်ထူကြရတယ်။ ဒီမှာ လွတ်လပ်ရေးအလံတင် အခမ်းအနားပြီးဆုံးသွားပါပြီ။

မနက် ၇နာရီ ၃၀ မိနစ်ရောက်တာနဲ့ သမ္မတဟာ အတွင်းဝန်၊အိမ်တော်ဝန်၊ကိုယ်ရံတော်တွေ ခြံရံပြီး အိမ်တော်ကနေ စတင်ထွက်ခွာလာပါတယ်။ သမ္မတကြွချီရာလမ်းတလျောက်မှာ ကျောင်သူကျောင်းသားပြည်သူများက ကြိုဆိုကြတယ်။ သမ္မတက မြို့တော်ခန်းမ (ဗိုလ်ရှုခံကျင်းပရာနေရာ) အရောက်မှာတော့ အမြောက် ၃၁ ချက်ပစ်ဖောက်လိုက်တယ်။ သမ္မတက ဗိုလ်ရှုခံသဘင်စင်မြင့်ပေါ်ရောက်တာနဲ့ ဦးစွာကိုယ်ရံတော်တပ်ရဲ့ အလေးပြုခြင်းကိုခံယူရတယ်။ တပ်ကိုစစ်ဆေးပေါ့။ ပြီးတာနဲ့ဗိုလ်ရှုသဘင်စင်ပေါ်ဆက်သွားမယ်။ ဝန်ထမ်းတွေ အဖွဲ့အစည်းတွေနဲ လူထုရဲ့ အလေးပြုတာကိုခံယူမယ်။ သမ္မတက ဗိုလ်ရှုသဘင်စင်မြင့်ပေါ်ကနေ လွတ်လပ်ရေးအောင်ပွဲ အခမ်းအနား စတင်ကြောင်းကြေညာမယ်။ 

အခမ်းအနား စတင်ကြောင်း ကြေညာပြီးတာနဲ့ လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းအာဇာနည်အပေါင်းကို တက်ရောက်လာသူအားလုံးက ဦးညွှတ်အလေးပြုကြမယ်။ အလေးပြုပြီးတာနဲ့ သမ္မတက လွတ်လပ်ရေးမိန့်ခွန်းပြောကြားမှာပါ။ မိန့်ခွန်ပြောပြီးတာနဲ့ တက်ရောက်လာတဲ့ လူထုပရိသတ်တွေ၊ ဝန်ထမ်းအဖွဲ့အစည်းတွေက “နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်” အစချီ အဓိဋ္ဌာန် ၄ ချက်ကို ရွတ်ဆိုကြပြီး ဗိုလ်ရှုသဘင်ကို ရုပ်သိမ်းလိုက်ပါတော့တယ်။

ဒါက အစဉ်အလာဗိုလ်ရှုသဘင်ပွဲကျင်းပခဲ့ပုံပါ။ ဒီမှာ စဉ်းစားစရာရှိတာက ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်ကစလို့ ဗိုလ်ရှုသဘင်ပွဲကို ဘာကြောင်းဖျက်သိမ်းရသလဲ” ဆိုတာပါ။ တကယ်တော့ ဗိုလ်ရှုသဘင်ပွဲ ကျင်းပရခြင်းဟာ  တပ်တွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေဟာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာစောင့်တဲ့ အသိရရှိစေဖို့၊ နိုင်ငံတော်အစိုးရရဲ့ ဩဇာအောက်မှာ တာဝန်ယူမှု၊တာဝန်ခံမှု သတိမြဲမြံစေဖို့၊ အစိုးရရဲ့အမိန့်ဩဇာကို ဝန်ထမ်းအဖွဲ့အစည်းတွေက နာခံရမယ်ဆိုတဲ့ သတိတရားမကင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေလည်း ပါမှာပါ။

ဒီရည်ရွယ်ချက်တွေအပေါ် မနှစ်မြို့နိုင်တဲ့ အစိုးရရဲ့အမိန့်ဩဇာကို မနာခံလိုတဲ့ အဖွဲ့အစည်းတွေကတော့ ဗိုလ်ရှုသဘင်အခမ်းအနားကို အပိုဆောင်တာတခုလို မြင်ကောင်းမြင်နိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီအစဉ်အလာကို ဗိုလ်နေဝင်းဖျက်သိမ်းခဲ့ခြင်းဖြစ်ဟန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုခေတ်ပြောင်းချိန်ကာလမျိုးမှာ အစဉ်အလာရှိခဲ့တဲ့အတိုင်း နိုင်ငံတော်သမ္မတထံပါးမှာ ဝန်ထမ်းအဖွဲ့အစည်အသီးသီးနဲ့ ကိုယ်ရံတော်တပ်တို့ရဲ့ “နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရိုသေပါမည်” ဆိုတဲ့ သစ္စာအဓိဌာန်ကိုရွတ်ဆိုနိုင်ကြမယ်ဆိုရင်……။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013