DVB Logo
Home
မြန်မာသတင်း
၂၀၂၀ နှစ်ဆန်းမှစပြီး ယာဉ်များကို ပိုင်ရှင်အမည်ပေါက် မှန်၊ မမှန် စစ်ဆေးမည်
DVB
·
December 28, 2019
၂၀၂၀ နှစ်ဆန်းမှစပြီး ယာဉ်များကို ပိုင်ရှင်အမည်ပေါက် မှန်၊ မမှန် စစ်ဆေးမည်
1 / 2
Donate to DVB

၂၀၂၀ နှစ်ဆန်းကစပြီး လိုင်စင်သက်တမ်း လာတိုးတဲ့ ယာဉ်တွေကို ပိုင်ရှင်အမည်ပေါက် မှန်၊ မမှန် စတင်စစ်ဆေးတော့မယ်လို့ ရန်ကုန်တိုင်း က.ည.န တာဝန်ရှိသူက ပြောပါတယ်။ 

၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်းအခွန်များဦးစီးဌာနက နိုင်ငံတော်ဘဏ္ဍာ တိုးတက်ရရှိရေး ခေါင်းစဉ်နဲ့ အခွန်တွေ တိုးကောက်ခဲ့တဲ့အတွက် ယာဉ်ပိုင်ရှင်တွေက အခွန်ရှောင်ပြီး အရောင်းအဝယ်ပြုလုပ်ခဲ့ကြတာပါ။

အဲဒီလို ပိုင်ရှင်အမည်မှန်မပေါက်တဲ့ ယာဉ်တွေကြောင့် ယာဉ်တိုက်မှုဖြစ်တဲ့အခါ၊ ရာဇဝတ်မှုတွေ ဖြစ်တဲ့အခါ အမှုလိုက်ဖို့ အခက်အခဲတွေရှိလာပြီး လုံခြုံရေးကို ထိခိုက်လာပါတယ်။

အဲဒါကြောင့် ၂၀၂၀ ဇန်နဝါရီလဆန်းကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက လိုင်စင်သက်တမ်းလာတိုးတဲ့ ယာဉ်တွေကို ပိုင်ရှင်အမည်ပေါက် မှန်၊ မမှန် စတင်စစ်ဆေးတော့မယ်လို့ ရန်ကုန်တိုင်း က.ည.န တာဝန်ရှိသူက ပြောဆိုလိုက်တာပါ။ 

ယာဉ်ပိုင်ရှင်တွေ သက်တမ်းတိုးရ လွယ်ကူအောင်လည်း အခွန်နှုန်းထားကို ၃၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းကနေ၊ အခုအချိန်မှာ ၃ ရာခိုင်နှုန်းအထိ လျှော့ပေးထားတယ်လို့ ရန်ကုန် က.ည.န တိုင်းဦးစီးမှူး  ဦးလျန်ကျင့်မန်က ပြောပါတယ်။

“နာမည်မပြောင်းသေးဘဲနဲ့ သက်တမ်းတိုးလာတဲ့ ယာဉ်ပိုင်ရှင်တွေကို တင်ပြချင်တာကတော့ ၃ ရာခိုင်နှုန်းမှာ ၂၀၂၀၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ခွင့်ပြုတာ ဖြစ်ပါတယ်။ ဟိုဘက်ပိုင်းမှာ ၁၅ ရာခိုင်နှုန်း ပြန်တိုးမလား မသိပါဘူး။ အဲဒါကြောင့် သက်တမ်းတိုးမယ့် ယာဉ်တွေလည်း ၃ ရာခိုင်နှုန်း ဖြစ်နေတုန်းကို နိုင်ငံတော်ကနေ ဖြေလျှော့နေတုန်းကို လာရောက်ပြောင်းပေးကြဖို့ ကျနော် တင်ပြချင်ပါတယ်။ ကိုယ်ပိုင်တဲ့ယာဉ်၊ ကိုယ့်နာမည် အမည်ပေါက်ဖို့အတွက် ဆောင်ရွက်စေချင်ပါတယ်။” 

နောင်နှစ်ကျရင် အမည်ပေါက်မမှန်ရင် လိုင်စင်သက်တမ်းတိုးရမှာ ခက်တဲ့အတွက် အခု ၂၀၁၉ နှစ်ကုန်မှာ သက်တမ်းလာတိုးသူ အများအပြား ဖြစ်နေပါတယ်။ 

ရန်ကုန်တိုင်းအတွင်းက လိုင်စင်သက်တမ်းတိုးနိုင်တဲ့ နေရာငါးခုစလုံးမှာ သက်တမ်းတိုးသူ အများအပြား ဖြစ်နေတဲ့အတွက် က.ည.န ဝန်ထမ်းတွေဟာ အချိန်ပိုဆင်းတာနဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပါ ထပ်တိုးပြီး ဝန်ဆောင်မှုပေးနေရသလို လာရောက် သက်တမ်းတိုးသူတွေလည်း ညအိပ်တန်းစီစောင့်ပြီး သက်တမ်းတိုးနေကြတာပါ။



ယာဉ်လိုင်စင်သက်တမ်းလာတိုးသူ ကိုသက်နိုင်ဦးက “စောင့်နေတာက မနေ့က တရက်လုံးရယ်၊ ဒီနေ့မနက်ရယ်။ ညနေ ၅ နာရီဆိုရင် ရပြီလို့ ပြောပါတယ်။ တရက်ခွဲကျော်ကျော်လောက် ကြာတာပေါ့” လို့ ပြောပါတယ်။

ယာဉ်လိုင်စင်သက်တမ်းလာတိုးသူ ကိုမျိုးဇေယျာအောင်က “မနေ့က ညပိုင်းကတည်းက တန်းစီရတယ်။ ရုံးထဲကို မနက် ၆ နာရီ ဝင်တယ်။ ညနေ ၆ နာရီကို ပြန်ချိန်းလိုက်တယ်။ ညနေ ၇ နာရီ ၄၅ အထိ ကျနော်တို့ မရဘူး။ မရတော့ အခက်အခဲရှိတယ်။ ရနိုင်တဲ့ အချိန်လေးကို အတိအကျ ပြောပေးပါ။ ဒီအခက်အခဲလေးတော့ ရှိပါတယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းအတွင်း ယာဉ်စီးရေ ၉ သိန်းလောက်အထိ ရှိနေပြီး အဲဒီယာဉ်တွေ လိုင်စင်သက်တမ်းတိုးဖို့အတွက် က.ည.န ဝန်ထမ်း ၅ ယောက်လောက်နဲ့ ဝန်ဆောင်မှုပေးနေတာပါ။ 

ယာဉ်တွေ ပိုင်ရှင်မှန်အမည်ပေါက်ပြောင်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်အတွင်းမှာ အခွန်အကောက်ဥပဒေသစ်ပြဋ္ဌာန်းပြီး ၂၀၂၀ စက်တင်ဘာလကုန်အထိ အခွန် သုံးရာခိုင်နှုန်းပဲ ကောက်ဖို့ သတ်မှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013