
စစ်အာဏာရှင်တပ်က ပြန်ထိန်းချုပ်လိုက်တဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စက်သုံးဆီရောင်းချတဲ့ အရပ်သားတွေနဲ့ အရောင်းဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးတာအပြင် စက်သုံးဆီတွေကိုပါ သိမ်းယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေ ၂၀ ရက်ကနေ မေ ၂၂ ရက်အတွင်း မတ္တရာမြို့နယ်အထွက် မန္တလေး-မြစ်ကြီးနားလမ်းပေါ်က ဆီဆိုင်တချို့ကို ဖမ်းဆီးခဲ့သလို မြို့ပေါ် မှန်စီရပ်ကွက်က စက်သုံးဆီဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးပြီး စစ်တပ်က ဆီဂါလန်ပေါင်း ထောင်ချီသိမ်းဆည်းသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
"မတ္တရာအထွက်က စက်သုံးဆီရောင်းတဲ့ အရပ်သား ၂ ယောက်ရယ်၊ မှန်စီရပ်ကွက်က စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ၁ ယောက် ရယ် စုစုပေါင်း ၃ ယောက်ရှိပြီ ဖမ်းတာ။ တရားမဝင်ဆီ သိုလှောင်တယ်ဆိုပြီး ဖမ်းခံရတဲ့သူတွေရှိသလို PDF ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာလည်း ရှိတယ်။ စစ်တပ်က ဖမ်းမိတဲ့ဆီမှန်သမျှ အကုန်သိမ်းတာ။”
၃ ရက်အတွင်း စစ်တပ်က ဖမ်းဆီးပြီး 92 ဓာတ်ဆီ ၄၈၀ ဂါလန်၊ ဒီဇယ် (HSD) ၅၅၀ ဂါလန်နဲ့ ပရီမီယံဒီဇယ် (PD) ၈၆၀ ဂါလန် စုစုပေါင်း စက်သုံးဆီ ဂါလန် ပေါင်း ၁၈၉၀ ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းမိတဲ့ ဦးသက်ကိုကိုအောင်နဲ့ အရပ်သား ၂ ယောက်ကို မတ္တရာမြို့မရဲစခန်း (ပ) ၄၀/၂၀၂၆၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နဲ့ မေလ ၁ ရက်ကလည်း မတ္တရာမြို့ပေါ်က စက်သုံးဆီပိုင်ရှင် ၁ ယောက်နဲ့ ရောင်းချသူ ၁ ယောက်ကို အာဏာရှင်စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။
အရင်က မတ္တရာမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ၂၀၂၅ ခုနှစ် သြဂုတ်လမှာ စစ်တပ်က လေကြောင်း၊ မြေပြင်စစ်ကြောင်း အလွန်အကျွံသုံးကာ ပြန်လည်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။










