DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်း အချမ်းသာဆုံးဖြစ်
DVB
·
December 21, 2019
Donate to DVB

တိုင်းနဲ့ပြည်နယ်တွေထဲမှာ မန္တလေးနဲ့ တနင်္သာရီတိုင်းဟာ အချမ်းသာဆုံးဖြစ်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကတော့ အဆင်းရဲဆုံးဖြစ်တယ်လို့ ၂၀၁၉-၂၀ Citizen’s Budget ပါ  မြန်မာနိုင်ငံရဲ့ ဆင်းရဲမှုအညွှန်းကိန်းအရ သိရပါတယ်။

Citizen’s Budget (နိုင်ငံသားတွေအတွက်ဘတ်ဂျက်) ဆိုတာ နိုင်ငံတော်ရဲ့မေခရိုစီးပွားရေး အခြေအနေ၊ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ၊ စုစုပေါင်း အသုံးစရိတ်၊ ဘတ်ဂျက်လိုငွေ၊ ပြည်ပ အကူအညီရငွေ စတာတွေကို လွယ်လွယ်ကူကူ သိအောင် အနှစ်ချုပ်ဖော်ပြထားတာပဲ  ဖြစ်ပါတယ်။

မန္တလေးနဲ့ တနင်္သာရီတိုင်းတို့ဟာ ၂၀၁၇ ဆင်းရဲမှုညွှန်ကိန်းအရ ၁၃ ဒသမ ၂ ရာခိုင်နှုန်းစီရှိကြပြီး ရန်ကုန်ကတော့ ၁၃ ဒသမ ၇ ဖြစ်ပါတယ်။ ညွှန်ကိန်း အမြင့်ဆုံးဖြစ်တဲ့ ချင်းပြည်နယ်က ၅၈ ရာခိုင်နှုန်းရှိနေပြီး ရခိုင်ပြည်နယ်က ၄၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပါတယ်။

သူ့နောက်မှာတော့ ကချင်ပြည်နယ်က ၃၆ ဒသမ ၆ ရာခိုင်နှုန်း၊ မကွေးတိုင်းက ၃၅ ဒသမ ၆ ရာခိုင်နှုန်း၊ ကယားပြည်နယ်က ၃၂ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းက ၃၁ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အများဆုံးတွေဖြစ်ကြပါတယ်။

လူဦးရေနဲ့ အခွန်အကောက်ရငွေတွက်ချက်ချက်ရာမှာတော့ ရန်ကုန်တိုင်းဟာ လူတယောက်ဆီက အခွန် အကောက်ရငွေ ၈,၅၃၁ ကျပ်ကျော်ရလို့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာတော့ တယောက်ကို ၆,၁၃၈ ကျပ်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။

တယောက်ချင်းနဲ့တွက်ချက်ရင် အနည်းဆုံးကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး စုစုပေါင်း အခွန်အကောက် ရငွေ ကျပ်သန်းပေါင်း ၁,၂၀၀ ကျော်ပေမယ့် လူဦးရေ ၃၃ သိန်းရှိတာကြောင့် တယောက်ဆီက ၃၆၁ ကျပ်ကျော်ပဲ ရတာဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်တွေထဲမှာ စုစုပေါင်းဘတ်ဂျက် ရငွေအနည်းဆုံးက ကယားပြည်နယ်ဖြစ်ပြီး ကျပ်သန်းပေါင်း ၆,၅၄၄ ကျော်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ရငွေရဲ့ ၁၀ ဆကျော် ကျပ်သန်းပေါင်း ၇၁,၅၆၃ သန်းကျော် သုံးဖို့ သတ်မှတ်ထားပါတယ်။

ရငွေရော၊ သုံးငွေရော အများဆုံးက ရန်ကုန်တိုင်းဖြစ်ပြီး သူ့နောက်မှာတော့ မန္တလေးတိုင်းဖြစ်ပါတယ်။ ရငွေနဲ့ သုံးငွေကွာဟချက် လိုငွေ အများဆုံးကတော့ ကျပ်သန်းပေါင်း ၂ သိန်းခွဲကျော်နဲ့ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းကတော့ လိုငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013