DVB Logo
Home
မြန်မာသတင်း
ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းတွင် တရားမဝင်လုပ်ငန်းရှင် ပိုများနေ 
DVB
·
December 18, 2019
ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းတွင် တရားမဝင်လုပ်ငန်းရှင် ပိုများနေ 
Donate to DVB

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းတွေမှာ လူတွေပျောက်ဆုံး၊ သေဆုံးတာတွေရှိနေပြီး လိုအပ်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး အပါအဝင် သက်ဆိုင်ရာကို အကြံပြုချက်တွေ ပေးပို့ထားတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်း ဖျာပုံခရိုင်က ပင်လယ်ပြင် ကျားဖောင် ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ရေလုပ်သားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့ရတာကြောင့် ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဒီဇင်ဘာ ၁ ရက်နေ ၆ ရက်နေ့ အထိ ကွင်းဆင်းသွားရောက်ခဲ့ပြီးနောက် ထုတ်ပြန်လိုက်တာပါ။

ဖျာပုံဒေသက သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ကျားဖောင်လုပ်ငန်းရှင်တွေ၊ ကျားဖောင်ဦးစီးချုပ်နဲ့ ဖောင်ဦးစီးတွေ၊ ကျားဖောင်လုပ်သားတွေကို တွေ့ဆုံမေးမြန်းချက်တွေအရ တရားဝင် လုပ်ငန်းရှင်ဦးရေထက် တရားမဝင် လုပ်ငန်းရှင်ဦးရေက ၆ ဆ လောက် ပိုများနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

တရားဝင်မှတ်ပုံတင် ရေလုပ်သားက ၄၀၀ ကျော်ပဲရှိပေမယ့်  လက်တွေ့မှာတော့ တရားမဝင် လုပ်သားတွေဟာ အဆအများကြီးလုပ်ကိုင်နေကြပြီး  တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကို ကျားဖောင်လုပ်ငန်းရှင်တွေက လိုက်နာတာ အားနည်းသလို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေကလည်း ကြပ်မတ်ထိန်းကျောင်းတာ အားနည်းနေတယ်လို့ ဆိုပါတယ်။

ကျားဖောင်လုပ်ငန်းတိုးတက်လာလို့ ရေလုပ်သားတွေ ပိုလိုလာပေမယ့် ဒေသတွင်းမှာ လုပ်သား ရှားပါးတာကြောင့် ပွဲစားတွေကလာပို့တဲ့ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေကို စနစ်တကျ မစိစစ်ဘဲ ငှားရမ်းဆောင်ရွက်ကြတာကြောင့် လူကုန်ကူးမှု အပါအဝင် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း ဖြစ်လာပါတယ်။

လုပ်သားအများစုဟာ ပညာအရည်အချင်း နည်းတာ၊ ဆင်းရဲနွမ်းပါးပြီး ငွေလိုနေသူတွေဖြစ်လို့ လုပ်ငန်းခွင်ရဲ့ ခက်ခဲကြမ်းတမ်းတာကို မသိနားမလည်ဘဲ  လုပ်သားငှားရမ်းစာချုပ်တွေ၊ ငွေပေးငွေယူ စာချုပ်တွေမှာ အလွယ်တကူ လက်မှတ်ထိုးကြတယ်လို့ ကော်မရှင်က ဆိုပါတယ်။

ကျားဖောင်လုပ်ငန်းဟာ ကမ်းခြေကနေ ရေမိုင် ၃၀ ကျော်မှာ ပိုက်ထောင်ပိုက်ဆွဲ အလုပ်ကို နေ့စဉ် ပင်ပင်ပန်းပန်း လုပ်ကိုင်ရပြီး ပုစွန်ပြုတ်တာ၊ ငါးခြောက်လှန်းတာကိုလည်း အချိန်လု လုပ်ရတာကြောင့် လုပ်သားတွေဟာ ပင်ပန်းဒဏ်ကို မခံနိုင်တော့ဘဲ ကျန်းမာရေး ချို့တဲ့လာကြတာပါ။

အဲဒီအချိန်မှာ အလုပ်မလုပ်နိုင်တော့တဲ့ အလုပ်သမားတွေကို ကျားဖောင် ဦးစီးက ဆဲဆိုကြိမ်းမောင်းတာ၊ ရိုက်နှက်ညှဉ်းပန်းပြီး ခိုင်းစေတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိလာတဲ့အပြင် ရေလုပ်သားတချို့ ပျောက်ဆုံး သေဆုံးသွားကြတာ စတဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒီတွေ့ရှိချက်တွေကို အခြေခံပြီး ကျားဖောင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး၊ စစ်ဆေးတဲ့ ဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ပြီး တရားမဝင် ငါးဖမ်းရေယာဉ်၊ ကျားဖောင်နဲ့ ရေလုပ်သားတွေကို စိစစ်ကြပ်မတ်ထိန်းကျောင်းနိုင်ရေး လုပ်ဆောင်ဖို့ ကော်မရှင်က အကြံပြုပါတယ်။ 

ဒါ့အပြင် ကျားဖောင်ရေလုပ်သားတွေကို လုပ်ငန်းမဝင်ခင် လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေးဆေး စစ်တာ၊ ကွင်းဆင်းလေ့ကျင့်တာ၊ ရေလုပ်သား အသိအမှတ်ပြုကတ်ပြား ထုတ်ပေးတာ၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ကို အစိုးရဌာနအဖွဲ့အစည်းတွေကြီးကြပ်ပြီး စနစ်တကျ ချုပ်ဆိုစေတာ၊ လုပ်ငန်းရာသီ ကုန်ဆုံးလို့ ပြန်လာတဲ့ ရေလုပ်သားတွေရဲ့ ကျန်းမာရေး ဆေးစစ်တာ အပါအဝင် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ဖို့ စတာတွေကိုလည်း  ကော်မရှင်က သက်ဆိုင်ရာဆီ အကြံပြု ထား တယ်။

မကြာသေးခင်က ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား တဦး ဖျာပုံမြို့နယ် ပင်လယ်ပြင် ကျားဖောင် ရေလုပ်ငန်းမှာ လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့  လူ ၁၈ ဦးကို အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013