DVB Logo
Home
ကျန်းမာရေး
ဒီအချက်တွေကြောင့် အသည်းရောဂါဖြစ်နိုင်တယ်ဆိုတာ သိပါသလား
DVB
·
December 4, 2019
ဒီအချက်တွေကြောင့် အသည်းရောဂါဖြစ်နိုင်တယ်ဆိုတာ သိပါသလား
Donate to DVB

အသည်းရဲ့အဓိကအလုပ်ကတော့ အစာခြေလမ်းကြောင်းထဲကထွက်လာတဲ့သွေးတွေကို သန့်စင်ပေးဖို့ပဲဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ဓာတုဓာတ်အမျိုးမျိုးနဲ့ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကို ချေဖျက်ပေးတာ၊ သွေးခဲတဲ့လုပ်ငန်းစဉ်မှာလိုအပ်တဲ့ ပရိုတင်းဓာတ်ထုတ်လုပ်ပေးတာတွေလည်း လုပ်ဆောင်ပေးနေပါတယ်။ ပြောရရင်တော့ အသည်းဆိုတာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုတွေပုံမှန်ဖြစ်နေဖို့အတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ အခုပြောမယ့် အလေ့အကျင့်တွေလုပ်နေမိပြီဆိုရင် အသည်းကို တဖြည်းဖြည်းပျက်စီးစေနိုင်တယ်နော်။ ဘာတွေကိုဂရုစိုက်ရမလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်ပါဦး။

၁. အချိုတွေအရမ်းစားတာ

အချိုတွေအစားများရင် သွားပျက်စီးတတ်တယ်ဆိုတာ အတော်များများသိပေမဲ့ အသည်းကိုပါ ထိခိုက်နိုင်တယ်ဆိုတာ သိပါသလား။ အသည်းကအဆီပြုလုပ်ဖို့အတွက် fructose ဆိုတဲ့သကြားဓာတ်လိုအပ်ပါတယ်။ ပြုပြင်ထားတဲ့သကြားနဲ့လုပ်ထားတဲ့အချိုမုန့်တွေအစားများရင် အသည်းမှာအဆီတွေလိုတာထက်ပိုများလာပြီးအသည်းရောဂါဖြစ်လာစေမှာပါ။ ဒါ့ကြောင့် အမြဲတမ်းလျှာအလိုမလိုက်မိဖို့လိုမယ်နော်။

၂. ဖြည့်စွက်စာတွေ အကုန်လျှောက်သောက်တာ

အခုခေတ်မှာ ဖြည့်စွက်စာတွေမှီဝဲတာအတော်လေးကျယ်ပြန့်လာတာတွေ့ရပါတယ်။ “ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သက်စောင့်ဓာတ်တွေပါဝင်တယ်၊ သဘာဝအတိုင်းထုတ်လုပ်ထားလို့စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်” စသည်ဖြင့် အမျိုးမျိုး ကြော်ငြာနေကြပေမဲ့ တကယ်တမ်းကျတော့ ဖြည့်စွက်စာအချို့မှာပါတဲ့ဓာတ်တွေက အသည်းရဲ့ပုံမှန်လုပ်ငန်းဆောင်တာကို ထိခိုက်စေတတ်ပါတယ်။ ဥပမာပြောရရင် ဗီတာမင် အေ ဓာတ်ကိုကျွန်တော်တို့ခန္ဓာကိုယ်က လိုအပ်တာမှန်ပေမဲ့ လိုအပ်တဲ့ပမာဏထက်အများကြီးပိုပါနေတဲ့ဆေးတောင့်တွေသောက်သုံးမိရင် အချိန်ကြာလာတဲ့အခါ အသည်းအဆိပ်သင့်တဲ့အထိဖြစ်နိုင်ပါတယ်။

၃. အဆီပိုတွေများနေရင်လျှော့နိုင်အောင်ကြိုးစားပါ

အရက်မသောက်ဘဲနဲ့လည်း အသည်းရောဂါဖြစ်နိုင်တယ်နော်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုနေတာ၊ အဝလွန်နေတာ၊ အထိုင်များတာ၊ ဆီးချိုရောဂါရှိတာ စတာတွေအကုန်လုံးက အချိန်ကြာလာရင် အသည်းမှာပိုလျှံတဲ့အဆီတွေစုလာစေပြီး အသည်းကိုပုံမှန်ထက်မာကျောလာစေပါတယ်။ ကြာလာရင်အသည်းခြောက်တဲ့အထိ ဆိုးဝါးသွားနိုင်ပါတယ်။ ဒါ့ကြောင့်ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကရှိသင့်တဲ့အတိုင်းအတာအတွင်းရှိသလား ပြန်ဆန်းစစ်ပါ၊ လိုအပ်ရင်လေ့ကျင့်ခန်းတွေလုပ်ပါ၊ အစားအသောက်ကိုစနစ်တကျစားသောက်ပေးပြီး ကိုယ်အလေးချိန်ပြန်ထိန်းနိုင်ပါတယ်။

၄. အချိုရည်တွေ (soft drink) တွေလျှော့သောက်ပါ

လေ့လာမှုတွေအရ အသင့်ထုတ်အချိုရည်တွေမှန်မှန်သောက်လေ့ရှိသူတွေက အသည်းအဆီဖုံးရောဂါပိုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဖြစ်နိုင်ရင် သဘာဝသစ်သီးကိုလတ်လတ်ဆက်ဆက်ဖျော်ထားတဲ့ ဖျော်ရည်ပဲသောက်သုံးပေးပါ။ ဒါမှမဟုတ် ရေဆာချိန်မှာ ရေပဲသောက်သုံးပေးပါ။ သန့်ရှင်းတဲ့ရေကို ဘယ်အချိုရည်၊ ဖျော်ရည်မှ အစားမထိုးနိုင်ပါဘူး။

၅. အကိုက်အခဲပျောက်ဆေးသောက်မယ်ဆို ဂရုစိုက်ပါ

ခေါင်းကိုက်လို့ဖြစ်ဖြစ်၊ ကျောနာလို့ဖြစ်ဖြစ်၊ အအေးမိလို့ဖြစ်ဖြစ် အကိုက်အခဲသက်သာဆေးသောက်သုံးရနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်သောက်ရမလဲဆိုတာတော့ သိထားသင့်တယ်နော်။ လိုတဲ့ဆေးပမာဏထက်ပိုသောက်မိရင် ပိုလျှံတဲ့ဆေးကိုအသည်းက ခြေဖျက်ရတဲ့အတွက် အသည်းမှာဝန်ပိုပိလာစေပြီးဘေးဥပဒ်ဖြစ်စေပါတယ်။

၆. ပြုပြင်ဆီပါတဲ့မုန့်တွေရှောင်ပါ

အသင့်စားကိတ်မုန့်တွေ၊ ကွတ်ကီးတွေမှာ ပြုပြင်ထားတဲ့အဆီတွေပါဝင်ပါတယ်။ ပြုပြင်ဆီပါဝင်မှုများတဲ့ အစားအသောက်တွေစားလေ ပိုဝလာနိုင်လေပါပဲ။ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်အလေးချိန်တက်လာက အသည်းကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ဒါ့ကြောင့် အစားအသောက်ဝယ်စားပြီဆို ထုပ်ပိုးတဲ့ဗူးပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ဖို့လိုအပ်တယ်နော်။

၇. အရက်လျှော့သောက်ပါ

အရက်သောက်လေ အသည်းခြောက်လေဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ပမာဏဘယ်လောက်သောက်ရင်အသည်းထိခိုက်လဲဆိုတာတော့ လူတိုင်းသေချာမသိပါဘူး။ ကိုယ်ကအရက်အမြဲသောက်နေကျ မဟုတ်ရင်တောင် တခါတလေမှာ သောက်သင့်တာထက်ပိုသောက်မိတတ်ပါတယ်။ ဒါဆိုတစ်ရက်ကိုဘယ်လောက်ပဲ သောက်သုံးသင့်သလဲ? တစ်ရက်ကို အရက် ၁.၆ အောင်စလောက်ပဲ သောက်သုံးသင့်ပါတယ်၊ ၁.၆အောင်စဆိုတဲ့ပမာဏက ပုံမှန်အရက်ခွက် တစ်ခွက်ရဲ့ တစ်ဝက်ကျော်ကျော်လောက်ရှိပါတယ်။

၈. အသည်းရောဂါများလည်း ဂရုစိုက်ပါ

အသည်းရောင်အသားဝါ စီပိုး၊ ဘီပိုး လိုရောဂါတွေက လူတစ်ယောက်ကနေတစ်ယောက်ကို အရမ်းကူးစက်မြန်ပါတယ်။ ဝင်ရောက်သွားတဲ့ရောဂါပိုးတွေကနေ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါတွေအထိ ဆက်စပ်ဖြစ်ပွားနိုင်တာကြောင့်အတော်လေးသတိထားဖို့လိုအပ်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးကို အခုခေတ်မှာတော့ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ရနေပြီဖြစ်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013