DVB Logo
Home
မြန်မာသတင်း
ဒေါ်လဲ့လဲမော်အား တရားစွဲဆိုထားသည့် အဂတိအမှု စွဲချက်တင်သင့်၊ မသင့် ကြားနာတော့မည်
DVB
·
December 4, 2019
ဒေါ်လဲ့လဲမော်အား တရားစွဲဆိုထားသည့် အဂတိအမှု စွဲချက်တင်သင့်၊ မသင့် ကြားနာတော့မည်
1 / 2
Donate to DVB

အဂတိလိုက်စားမှုဥပဒေနဲ့ တရားစွဲခံရတဲ့ တနင်္သာရီတိုင်း၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာ၀န်ရှိသူ ၃ ဦးအမှု ဒီဇင်ဘာလ ၁၆ ရက်နေ့ရုံးချိန်းမှာ တရားလိုပြသက်သေ ၂ ဦး စစ်ဆေးပြီးနောက် စွဲချက်တင်သင့်၊ မသင့် ကြားနာမယ်လို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောပါတယ်။

အဆိုပါရုံးချိန်းမှာ ရာဇ၀တ်ကြီးအမှုအမှတ်(၂/၂၀၁၉) တရားလိုပြသက်သေများဖြစ်ကြတဲ့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ ဒုတိယညွှန်ချုပ်(အငြိမ်းစား) ဦးကောင်းစံဦးနဲ့ ထား၀ယ်လေဆိပ်တာ၀န်ခံ ဦးစီးအရာရှိ ဦးမြင့်လှိုင်တို့ကို စစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

“အမှု ၄ မှုစလုံးက တရားလိုပြသက်သေတွေကို စစ်ဆေးပြီးရင်တော့ စွဲချက်တင်သင့်၊ မသင့် လျှောက်လဲချက် ကြားနာမှာ ဖြစ်ပါတယ်” လို့ ဒေါ်အေးအေးသန်းက ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့အထိ စစ်ဆေးပြီး တရားလိုပြသက်သေဦးရေ ၉၄ ဦးထဲမှာ ၃ ဦးတို့ကို ပယ်ပြီး အမှုမှ အထက်ပါတရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးဖို့ ကျန်တော့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေ အမှုစစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်၀င်းကို စစ်ဆေးခဲ့ပါတယ်။



တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီမှ တာ၀န်ရှိသူ ၃ ဦးဖြစ်တဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅၊ ပုဒ်မ ၅၅/၆၆ တို့နဲ့ တရားစွဲထားတာလည်း ဖြစ်ပါတယ်။

ထား၀ယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းတဲ့ လုပ်ငန်းကို ခွင့်ပြုငွေကျပ်သိန်း ၄၀၀၀ သုံးစွဲတဲ့ကိစ္စ။ ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်မရှိဘဲ လမ်းဦးစီးဌာနကို တလုံးတခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးတာနဲ့ ဦးမြင့်ဟိုအမည်နဲ့ ၀ယ်ယူထားတဲ့ ထား၀ယ်မြို့၊ ဆေးရုံလမ်းနဲ့ ဂေါ်သဇင်လမ်းထောင့် ရှိအိမ်အမှတ် (၁၀၆၈) နဲ့ (၁၀၇၀) မြေ ကွက်နှစ်ကွက်ကို အုတ်ခြံစည်းရိုးကာရံခိုင်းတဲ့ ကိစ္စ။ ၀န်ကြီးချုပ် မိသားစုပိုင် သရက်ချောင်းက အိမ်အမှတ်-၆၊ နှစ်ထပ်နေအိမ်နဲ့ မြေကို ကာလတန်ဖိုးကျပ် ၃၂၀ သိန်း ကျော်ခန့်သာ တန်ဖိုးရှိပေမယ့် ကျပ်သိန်း ၂၀၀၀ နဲ့ GGS ကုမ္ပဏီကို ရောင်းချခဲ့တာနဲ့ လုပ်ပိုင်ခွင့်တွေပေးတဲ့ကိစ္စ၊ သဘာ၀ဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို GGS ကုမ္ပဏီဘက်က ပေးချေဖို့ ပျက်ကွက်တဲ့ကိစ္စ စတဲ့ အမှုတွဲ ၄ မှုနဲ့ တရားစွဲဆိုထားတာပါ။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013