
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းကို ဗဟိုပြုပြီး ဒီကနေ့ မေ ၁၈ ရက် မနက် ၈ နာရီ ၃၅ မိနစ်ဝန်းကျင်က အင်အားရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိတဲ့ အင်အားအတော်အသင့်ပြင်းထန်တဲ့ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
ဒီငလျင်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို စူးစိုက် လှုပ်ခတ်သွားတာဖြစ်ပြီး ကျောက်တန်း၊ သန်လျင်နဲ့ ရန်ကုန်မြို့တဝိုက်က ဒေသခံပြည်သူတွေ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ကြရပါတယ်။
ငလျင်တိုင်းတာစက်တွေရဲ့ နည်းလမ်းအပေါ် မူတည်ပြီး အင်အားပမာဏ အနည်းငယ်ကွာခြားမှု ရှိနိုင်တယ်လို့လည်း သိရပါတယ်။
လတ်တလောမှာတော့ ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဒေသခံတွေအနေနဲ့ ဆောင်ရန်၊ ရှောင်ရန် သတိပြုရမဲ့ အချက်တွေနဲ့အညီ နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက အသိပေး နှိုးဆော်ထားပါတယ်။
ငလျင်ဟာ အလယ်အလတ်အဆင့်ရှိတာမို့ အဆောက်အအုံတွေ နံရံအက်ကွဲတာမျိုး ဖြစ်နိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ် နေထိုင်ကြဖို့နဲ့ ခိုင်ခံ့တဲ့ စားပွဲအောက် ဒါမှမဟုတ် တံခါးဘောင်အနီးမှာ ခိုလှုံကြဖို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။











