DVB Logo
Home
မြန်မာသတင်း
မလေးရှား ပို့သူနှင့် အပို့ခံရသူတို့ အပြန်အလှန် တရားစွဲ
DVB
·
November 24, 2019
မလေးရှား ပို့သူနှင့် အပို့ခံရသူတို့ အပြန်အလှန် တရားစွဲ
Donate to DVB

မလေးရှားမှာ အလုပ်ရမယ်ဆိုပြီး စည်းရုံးခေါ်ဆောင်ခဲ့သူနဲ့ စည်းရုံးခေါ်ဆောင်ခံရသူတို့ကြား ရခိုင်ပြည်နယ်က ရမ်းဗြဲတရားရုံးမှာ အပြန်အလှန် တရားစွဲဆိုထားကြပါတယ်။ 

အခုလို အပြန်အလှန် တရားစွဲဆိုကြတာဟာ ရမ်းဗြဲမြို့နယ် ဝက်ကချောင်းကျေးရွာအုပ်စု၊ သလူပြိန်ကျေးရွာနေသူ အချင်းချင်း ဖြစ်ပါတယ်။ 

ဒေါ်ခင်နွဲ့ရီပါ ၃ ဦးကို မလေးရှားမှာ အလုပ်ရမယ်ဟုဆိုကာ တရွာတည်းနေ ဒေါ်တင်တင်ဆန်းက ပွဲစားနဲ့ ချိတ်ဆက်ပို့ဆောင်ခဲ့ပြီး ထိုင်းအရောက် ရောင်းစားခံရာကနေ ရခိုင်လူမှုအဖွဲ့အစည်းတခုရဲ့ အကူအညီနဲ့ နေရပ်ပြန်ရောက်လို့ ၁ နှစ်ကျော်အကြာမှာ ပို့ဆောင်ပေးခဲ့သူက ငွေရလိုမှုနဲ့ တရားစွဲခဲ့တာလို့ သိရပါတယ်။ 

“ကျမတို့က ရွာမှာ ဆင်းရဲတယ်ဆိုတော့ မလေးရှားကို သွားမှပိုက်ဆံရမယ်ဆိုပြီးတော့ ပွဲစားတွေက လာခေါ်တယ်။ ရန်ကုန်ရောက်လို့ရှိရင် သူတို့က တရားဝင်ပို့ပေးမယ်ပြောလို့ စိတ်ဝင်စားလာတယ်။ ဒါကြောင့် ကျမတို့က သွားကြတော့ ရန်ကုန် ရောက်တဲ့အချိန်မှာ ပွဲစား လာခေါ်တယ်။ ထိုင်းနိုင်ငံရောက်တော့ ရောင်းစားခံရတယ်။ ကျမတို့ ဘဝပျက်ပြီးတော့ ထိုင်းကနေပြီးတော့ ပြန်ပြီးတော့လာရတယ်”လို့ ရောင်စားခံရတဲ့ ဒေါ်ခင်နွဲ့ရီက ပြောပါတယ်။

သူတို့ ၃ ဦးဟာ ၂၀၁၆ နှစ်မှာ နေရပ်ပြန်ရောက်လာတာဖြစ်ပြီး တနှစ်ကျော်အကြာမှာတော့ မလေးရှား ပို့ပေးသူ ဒေါ်တင်တင်ဆန်းက ငါးကျပ်တိုးနဲ့ချေးထားတဲ့ အတိုးအရင်းပါ ငွေကျပ် ကိုးသိန်းကို လာရောက်တောင်းယူခဲ့တယ်လို့ ဒေါ်ခင်နွဲ့ရီက ပြောပါတယ်။

“သူတို့ လာတောင်းတော့ ကျမက ပြောတယ်။ ပိုက်ဆံချေးထားတာ မဟုတ်ဘူး။ နင်တို့ ထိုင်းနိုင်ငံကို ရောင်းစားလို့ ချမ်းသာနေပြီ မဟုတ်လားလို့ မေးတော့ သူတို့က တရားစွဲတယ်” လို့ ဆိုပါတယ်။

ဒေါ်ခင်နွဲ့ရီပါ ၃ ဦးကို ဒေါ်တင်တင်ဆန်းက ငွေကြေးရလိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့သလို ဒေါ်ခင်နွဲ့ရီပါ ၃ ဦးကလည်း ဒေါ်တင်တင်ဆန်းကို ပြည်ပအလုပ်အကိုင်အမှုနဲ့ စွဲဆိုထားတာလို့ ရမ်းဗြဲမြို့နယ် တရားသူကြီး ဦးမျိုးထွန်းလင်းက အတည်ပြုပြောဆိုပါတယ်။

မှုခင်းဖြစ်ပွားတဲ့အချိန် ကြာပြီးမှ စွဲဆိုထားတာ ဖြစ်တဲ့အပြင် အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်နေတာဖြစ်လို့ အနည်းငယ်ကြန့်ကြာနေတာလို့ သူက ဆက်ပြောပါတယ်။ 

ဒေါ်ခင်နွဲ့ရီတို့ဘက်က အခမဲ့အကျိုးဆောင်ပေးနေတဲ့ အထက်တန်းရှေ့နယ် ဒေါ်နီလာရွှေကတော့  ပြန်လည်စွဲဆိုထားတဲ့အမှုမှာ သက်သေတွေက မှန်မှန်ကန်ကန် ထွက်ဆိုခဲ့ကြတဲ့အတွက် အားရကျေနပ်ပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူက သက်သေတွေရဲ့ ထွက်ဆိုချက်ကို အားနည်းအောင် လုပ်နေတယ်လို့ မှတ်ချက်ပြုပါတယ်။

အခု တရားစွဲခံရတဲ့ ဒေါ်ခင်နွဲ့ရီ၊ တူမဖြစ်သူ မမိုးမြင့်လှိုင်နဲ့ ကိုသန်းစိန်တို့ဟာ ဆင်းရဲနွမ်းပါးတဲ့အပြင် မိမိနေရပ်မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့် မလေးရှားနိုင်ငံကို ပွဲစားရဲ့ ချိတ်ဆက်မှုနဲ့ ၂၀၁၅  နှစ်ကုန်ပိုင်းက သွားရောက်ခဲ့တာဖြစ်ပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013