မြဝတီမြို့၌ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
November 17, 2019
ကရင်ပြည်နယ် မြဝတီမြို့၌ မနေ့ညနေက အိုက်စ်မူးယစ်ဆေး ၃၁ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်တပ်ဖွဲ့ဝင်တွေဟာ မြဝတီမြို့ပေါ်မှာ မူးယစ်ဆေးဝါးများရောင်းချနေကြောင်း သတင်းအရ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီကျော်လောက်က တန်ဂျီးဆိုသူထံ မူးယစ်ဆေးဝါး ဝယ်ယူလိုကြောင်း ဆက်သွယ်ကမ်းလှမ်းခဲ့ပြီးနောက် ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဆက်သွယ်ကမ်းလှမ်းခံရတဲ့ တန်ဂျီးက မြဝတီမြို့ (၅) ရပ်ကွက်နေ လူမော်ရဲ့ နေအိမ်ကို လိုက်လံပြသခဲ့တာကြောင့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ လူမော်အား မတွေ့ရှိဘဲ နေအိမ်ကြမ်းခင်းပေါ်ရှိ လက်ဆွဲခြင်း ၂ လုံးအတွင်းမှ ဆာလာအိတ်တွေနဲ့ ထုပ်ထားတဲ့ အိုက်စ်မူးယစ်ဆေး ၃၁ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တန်ဂျီးနှင့် လူမော်တို့ ၂ ဦးအား မြဝတီမြို့မရဲခစန်း မယ(ပ) ၁၆၈/၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။