ဂျာမန်အဓိပတိ ဖရီးဒရစ်ဂျ်မားဇ်က လစ်ဘရယ်တန်ဖိုးတွေကို ကာကွယ်ဖို့ ဇူလိုင် ၂၆ ရက်မှာ သူ့လူမျိုးတွေကို တိုက်တွန်းခဲ့ပါတယ်။
ဂျာမနီနိုင်ငံရဲ့ မြို့တော်ဘာလင်မှာ ဇူလိုင် ၂၅ ရက်က ကျင်းပတဲ့ အဓိက LGBTQ Pride စုဝေးပွဲတခုနားမှာ လူအုပ်ကို ကားနဲ့ ဝင်တိုက်မှုတခု ဖြစ်အပြီးမှာ တိုက်တွန်းခဲ့တာပါ။
စုဝေးပွဲနားက လူအုပ်ထဲကို မီနီဗင်ကားတစီးနဲ့ မောင်းဝင်ခဲ့တယ်လို့ သံသယရှိတဲ့ လူတယောက်အား စပန်ဒေါင်ခရိုင်ထဲက ဥပဒေစိုးမိုးရေး အရာရှိတွေက ပစ်သတ်ခဲ့တယ်လို့ မကြေညာခင် မားဇ်က ပြောခဲ့တာပါ။
“ဒီလုပ်ရပ်တွေမှာ ရည်ရွယ်ချက်တခုတည်းပဲ ရှိတယ်။ သူတို့က ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ပိုင်းခြားဖို့ ရည်ရွယ်တယ်။ သူတို့က ကျနော်တို့ရဲ့ အရေးကြီးဆုံး အရာတွေဖြစ်တဲ့ ကျနော်တို့ရဲ့ ပွင့်လင်းမှုနဲ့ လွတ်လပ်မှုကို ယူဆောင်သွားချင်တယ်” လို့ မားဇ်က ပြောပါတယ်။
ဥရောပရဲ့ အကြီးမားဆုံး နှစ်ပတ်လည် LGBTQ ပွဲတော်တခုဖြစ်တဲ့ ခရစ္စတိုဖာလမ်းပွဲတော်ကနေ မဝေးတဲ့ ဘရန်ဒန်ဘာ့ဂ် မုခ်ဦးနားက တီယာဂါတန်ပန်းခြံမှာ ည ၁၀ နာရီလောက်က လူအုပ်ကို ကားနဲ့ဝင်တိုက်မှု ဖြစ်ခဲ့တာပါ။
လူတယောက်သေဆုံးပြီး ၂၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဂျာမနီနိုင်ငံ မြို့တော် ဘာလင်က Pride ပွဲတော်ကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှာနေတဲ့ သံသယရှိသူကို ဘာလင်အထူးစစ်ဆင်ရေး ကွပ်ကဲမှုဌာန (SEK) ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ X လူမှုကွန်ရက်ပေါ်ကနေ ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။
သံသယရှိသူက ရဲတွေကို စပန်ဒေါင် ဆင်ခြေဖုံးမှာရှိတဲ့ မြေယာဥယျာဉ်တခုထဲမှာ ဓားတချောင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ချိန်မှာ ပစ်သတ်တာလို့လည်း ပြောပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် သံသယရှိသူဟာ အလွန်ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပြီး အရေးပေါ်ဆရာဝန်က ကနဦးမှာ အသက်ပြန်ရှူအောင် လုပ်နိုင်ခဲ့ပေမဲ့ ပစ်ခတ်ခံရတဲ့နေရာမှာ သေသွားခဲ့တယ်လို့ ဘာလင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖလိုရီယံ နာ့သ်က ရဲတပ်ဖွဲ့ကနေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။
အစွန်းရောက် လက်ယာယိမ်းတွေအပေါ် ထောက်ခံမှု မြင့်တက်လာနေချိန်မှာ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကို ပိုပြင်းထန်စေတဲ့ အခုတိုက်ခိုက်မှုဟာ မကြာသေးမီ နှစ်တွေအတွင်း ဂျာမနီနိုင်ငံမှာ လူအုပ်ကို ကားနဲ့တိုက်တဲ့ နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
Source: Reuters










