
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ် စွန့်စားမှုအက်ရှင်ဇာတ်မြူးရုပ်ရှင်ကားတကားဖြစ်တဲ့ Charlie’s Angels!
ဒီကားကိုတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Elizabeth Banks က ဒါ ရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားခဲ့တာပါ။ ဒီကားကိုတော့ Sony Pictures Releasing ကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒီကားဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ Charlie’s Angels ၊ ၂၀၀၃ ခုနှစ်မှာ ထပ်ပြီး ထွက်ရှိခဲ့တဲ့ Charlie’s Angels: Full Throttle ရုပ်ရှင်ကားတွေရဲ့နောက် တတိယမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။
Charlie’s Angels ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလွတ်တန်းကြေးစားစုံထောက်အမျိုးသမီး ၃ ယောက်ရဲ့ အက်ရှင်အပစ်အခတ် ဇာတ်ဝင်ခန်းတွေနဲ့ ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ Twilight ရုပ်ရှင် Series တွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Kristen Stewart၊ သိပ်မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ Aladdin ဇာတ်မြူးရုပ်ရှင်နဲ့ ပရိသတ်လက်ခံအားပေးမှုရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး Naomi Scott နဲ့ သရုပ်ဆောင်မင်းသမီး Ella Balinska တို့က ခေါင်းဆောင်ပါ ဝင်ထားကြတာပါ။
ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ Ariana Grande ၊ Miley Cyrus နဲ့ Lana Del Rey တို့ ပူးပေါင်းသီဆိုထားတဲ့ "Don't Call Me Angel" အပါအဝင် တခြားဇာတ်ဝင်သီချင်းနဲ့ တေးဂီတပိုင်းဆိုင်ရာ Soundtracks တွေကိုလည်း ထည့်သွင်းထားခဲ့တာပါ။
ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်း သူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
ဒီကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၄၈ သန်း အကုန်အကျခံ ရိုက်ကူး ထားတာဖြစ်ပြီး ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် အမေရိကန်နဲ့ ကနေဒါမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းကနေ ၁၆ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။
အရင်ရုပ်ရှင်ကားတွေဟာ ပရိသတ်အားပေးမှုနဲ့ ရုံပြည့်ရုံလျှံအားပေးမှုတွေ ရရှိခဲ့ပြီး Box Office ဝင်ငွေစံချိန်တင် ရရှိခဲ့တာမို့ ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကရော စံချိန်ချိုး နိုင်ပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ကြာမြင့်ချိန် ၁၁၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ရိုက်ကူးထားတဲ့ ဟောလိဝုဒ် မိသားစုဒရာမာဇာတ်မြူး ရုပ်ရှင်-Playing with Fire !
ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က ဖြန့်ချိ လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Andy Fickman က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
မီးသတ်တပ်ဖွဲ့ကြီးကြပ်ရေးမှူး Jake Carson ခေါင်းဆောင်တဲ့ မီးသတ်သမား တစုဟာ မီးလောင်ပြင်ထဲမှာ ပိတ်မိနေတဲ့ အရွယ်မရောက်သေးတဲ့ ကလေး ၃ ယောက်ကို ကယ်တင်ခဲ့ရ ပါတယ်။ အကြောင်းတိုက်ဆိုင်စွာပဲ အဲဒီကလေးတွေနဲ့ သူတို့ မိဘတွေပြန်မဆုံနိုင်သေးခင်မှာ စခန်းမှာ ထိန်းကျောင်းရဖို့ ဖြစ်လာချိန်မှာတော့ မီးသတ်သမားတွေ အနေနဲ့ ငြှိမ်းသတ်နေကျ မီး မဟုတ်တဲ့ ခုလိုကလေးတွေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကမောက်ကမအခြေအနေတွေနဲ့ ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ နပမ်းသမားတယောက်အဖြစ်ရော၊ သရုပ်ဆောင်မင်းသား တယောက်အဖြစ်ပါ နာမည်ကြီးတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား John Cena နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ John Leguizamo၊ Brianna Hildebrand၊ Dennis Haysbert နဲ့ Judy Greer တို့ကလည်း အတွဲညီညီ ပါဝင်ထားကြပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။
ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၂၉ ဒဿမ ၉ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ရုံတင်ပြသတဲ့ ပထမသီတင်းပတ်မှာတင် ဝင်ငွေ ၁၅ ဒဿမ ၃ သန်း ရရှိ ထားခဲ့ပါတယ်။
ကြာမြင့်ချိန် ၉၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၈ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။
မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထိုင်းရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Khun Phaen Begins !
စွန့်စားမှု အက်ရှင်ဟာသဇာတ်မြူးရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီရုပ် ရှင်ကားကိုတော့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Kongkiat Khomsiri က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ Pee Mak ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ထိုင်းသရုပ်ဆောင်မင်းသား Mario Maurer က ခေါင်းဆောင်ပါဝင်ထားပြီး သူခိုးတယောက်ဘဝကနေ သူတိတ်တခိုးချစ်ခဲ့ရတဲ့ Crush ကောင်မလေး ကြောင့် စစ်ထဲဝင်မယ့် လူငယ်လေးတယောက်အဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ သူနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jade-Angelica Fromento နဲ့ Supakorn Kitsuwon တို့ကလည်း ဒီကားထဲမှာ ပါဝင်ထားကြတာပါ။
IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.4 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကားဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က တည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မကြာခင်မှာ ရုံတင်ပြသသွားဖို့ ရှိနေတာမို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိဝုဒ် Thriller Drama ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Good Liar !
ဒီကားကိုတော့ Warner Bros. Pictures က တင်ဆက်လိုက်တာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Beauty and the Beast ၊ The Fifth Estate စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဒါရိုက်တာ Bill Condon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ်ဝါရင့်သရုပ်ဆောင်မင်းသား မင်းသမီး ၂ ဦး ဖြစ်ကြတဲ့ Helen Mirren နဲ့ Ian McKellen တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထား ကြပြီး တယောက်နဲ့ တယောက်မသိကျွမ်းကြပဲ အွန်လိုင်းပေါ်ကတဆင့် ဖူးစာဆုံကြတဲ့ အသက်အရွယ်ပိုင်းအရ ကြီးနေကြပြီဖြစ်တဲ့ သူ ၂ ယောက်အနေနဲ့ ပါဝင်ထားကြတာပါ။ သာမန်အားဖြင့်တော့ ချမ်းသာတဲ့ မုဆိုးမအမျိုးသမီးကြီးတယောက်ဆီကို ချဉ်းကပ်လာတဲ့ ခုလိုဖူးစာဟာ အစစ်အမှန် ချစ်ခြင်း မေတ္တာကြောင့်လား၊ ဒီနောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေ ရှိနေသလဲဆိုတာတွေကို မြှုပ်ကွက်တွေနဲ့ ဘယ်လိုပုံဖော်ဖန်တီး ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်း ပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
IMDb မှာ Rating 6.5 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၁၅ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပေါ့ပေါ့ပါးပါး မြန်မာဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ကျော်ကြားနှင့် အမွှေစိန်ဝိညာဉ် !
ဒီကားကိုတော့ Phoenix ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အ ဆွေတော်ရဲ့ ဇာတ်လမ်းကို ချင်းတွင်းတာရာက ဇာတ်ညွှန်းခွဲပေးထားတာ ဖြစ်ပါတယ်။ ဒီ ကားကိုတော့ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ကျော်ကြားဆိုတာကတော့ ဓာတ်ပုံဆရာတယောက်ဖြစ်ပြီး တရက်မှာတော့ သူက ရှေးဟောင်းဓားတလက်ကို ရလိုက်ရာကနေ အဲဒီဓားကို စောင့်ရှောက်တဲ့ ဝိညာဉ်ကြောင့် တရွာလုံး ကြောက်လန့်ကြပြီး ကမောက်မကဖြစ်ရတာတွေကို ဟာသဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ရွှေမှုံရတီတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ခင်လှိုင်၊ နေဒွေး။ ခြူးလေးစတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။
ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါ တယ်။
Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မကြည့်ရှုလိုက်ရသူ တွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။











